ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။ မမှန်သောသက်သေထွက်ဆိုသောသူ များစွာလာကြသော်လည်း မည်သည့်အထောက်အထားမျှမတွေ့ရကြ။ နောက်ဆုံးတွင် လူနှစ်ဦးသည် လာ၍ “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ကိုယ်တော်အားမေးလေ၏။ သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။ ယေရှုက“သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက် “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
ရှင်မဿဲခရစ်ဝင် 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 26:57-68
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ