ရှင်မဿဲခရစ်ဝင် 27
27
ယေရှုကို ပိလတ်မင်းထံခေါ်ဆောင်သွားကြခြင်း
1မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။ 2ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။
ယုဒသည် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း
3ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက် 4“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
5ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
6ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက် 7တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။ 8ထို့ကြောင့် ထိုမြေယာကို ယနေ့တိုင်အောင် သွေးမြေဟုခေါ်တွင်ကြ၏။ 9-10ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”#ဇာ 11:12-13။ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
ဘုရင်ခံထံရောက်ရှိတော်မူခြင်း
11ယေရှုသည် ဘုရင်ခံရှေ့၌ ရပ်တော်မူရာ ဘုရင်ခံက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ ယေရှုကလည်း“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
12သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏စွပ်စွဲခြင်းကိုခံရသောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုကိုမျှ ပြန်၍ဖြေတော်မမူ။ 13ထိုအခါ ပိလတ်မင်းသည် ကိုယ်တော်အား “သူတို့သည် သင့်တစ်ဖက်၌ မည်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော”ဟု ဆို၏။ 14သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
ယေရှုလော၊ ဗာရဗ္ဗလော
15ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။ 16ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။ 17သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။ 18ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
19ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
20ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
21တစ်ဖန် ဘုရင်ခံက “ဤသူနှစ်ယောက်တို့တွင် သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း”ဟု မေးသောအခါ သူတို့က “ဗာရဗ္ဗ”ဟု ဆိုကြ၏။ 22ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ်တော်ဟုခေါ်သောယေရှုကို မည်သို့ပြုရမည်နည်း”ဟု မေးပြန်သော် သူတို့အားလုံးက “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ဆိုကြ၏။ 23ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
24ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။ 25လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
26ထိုအခါ ပိလတ်မင်းသည် သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
ယေရှုကိုပြောင်လှောင်ကြခြင်း
27ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ 28ကိုယ်တော်၏အဝတ်ကိုချွတ်ပြီး နီမြန်းသောဝတ်လုံကို ကိုယ်တော်အားခြုံစေကြ၏။ 29ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။ 30ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။ 31ထိုသို့ ကိုယ်တော်ကို ပြောင်လှောင်ကြပြီးနောက် နီမြန်းသောဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း
32သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။ 33ဤသို့ဖြင့် ဦးခေါင်းခွံအရပ်ဟုခေါ်ဝေါ်သော ဂေါလဂေါသအမည်တွင်သည့်အရပ်သို့ ရောက်ကြလျှင် 34သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။ 35ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။ 36ထို့နောက် ထိုနေရာ၌ ထိုင်လျက် ကိုယ်တော်ကို စောင့်ကြည့်ကြ၏။ 37ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။ 38ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ 39ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် 40“ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်သင်ကယ်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာခဲ့လော့”ဟု စော်ကားပြောဆိုကြ၏။
41ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲများသည်လည်း ကျမ်းပြုဆရာများ၊ သက်ကြီးဝါကြီးများနှင့်အတူ ကိုယ်တော်ကို ပြောင်လှောင်ကြ၍ 42“သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။ 43သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။ 44ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
အသက်ချုပ်ငြိမ်းတော်မူခြင်း
45မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။ 46မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”#မာ 15:34၊ ဆာ 22:1။ဟူ၍ ဖြစ်၏။
47ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ဤသူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
48ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။#ဆာ 69:21။ 49သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။
50ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
51ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။ 52သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။ 53ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။
54တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
55ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။ 56သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏မိခင်ဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားများ၏မိခင်တို့ပါ၏။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
57ညနေချမ်းအချိန်ရောက်သောအခါ အရိမသဲမြို့မှ သူဌေးဖြစ်ပြီး ယေရှု၏တပည့်တော်လည်းဖြစ်သော ယောသပ်အမည်ရှိသူတစ်ဦးသည် ရောက်လာ၏။ 58သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ထိုအခါ ပိလတ်မင်းသည် အလောင်းတော်ကိုပေးလိုက်ရန် အမိန့်ပေး၏။ 59ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောဖြင့် ပတ်ရစ်ပြီးလျှင် 60ကျောက်ဆောင်၌ထွင်းထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူသစ်ထဲတွင် သွင်းထားလေ၏။ ထို့နောက် ကြီးမားသောကျောက်တုံးကို ဂူဝသို့လှိမ့်ထားပြီးမှ ပြန်သွားလေ၏။ 61မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိတို့သည်လည်း ထိုနေရာ၌ရှိလျက် သင်္ချိုင်းတော်ရှေ့တွင်ထိုင်နေကြ၏။
သင်္ချိုင်းဂူကိုစောင့်ကြပ်ကြခြင်း
62ပြင်ဆင်ရာနေ့အလွန် နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံစုဝေးကြလျက် 63“အရှင်၊ ထိုလှည့်ဖြားသောသူအသက်ရှင်စဉ်က ‘ငါသည် သုံးရက်ကြာလျှင် ထမြောက်မည်’ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါသည်။ 64ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။
65ပိလတ်မင်းကလည်း “သင်တို့၌ အစောင့်တပ်သားရှိသည်မဟုတ်လော။ သွား၍ သင်တို့တတ်နိုင်သမျှလုံခြုံအောင် စောင့်ကြပ်စေကြလော့”ဟု ဆိုလေ၏။ 66ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲခရစ်ဝင် 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative