YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာအနာဂတ္တိကျမ်း 2

2
အနိုင်အထက်ပြုသူတို့စီရင်ခံရခြင်း
1အိပ်ရာ​ထက်​တွင် ဒုစရိုက်​ပြု​ဖို့​ကြံစည်​နေ​သူ​၊ မကောင်းမှု​ပြု​ဖို့​တွေး​နေ​သူ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​တို့​သည် လုပ်နိုင်စွမ်း​ရှိ​သည့်​အတိုင်း မိုးလင်း​သောအခါ ထို​အကြံ​အတိုင်း လုပ်​တတ်​ကြ​၏​။ 2သူ​တို့​သည် တပ်မက်​သဖြင့် လယ်မြေ​များ​ကို လုယူ​ကြ​၍ အိမ်​များ​ကို​လည်း သိမ်းပိုက်​ကြ​၏​။ ဤသို့ဖြင့် တစ်ပါးသူ​နှင့်​သူ​၏​အိမ်​၊ တစ်ပါးသူ​နှင့်​သူ​၏​အမွေဥစ္စာ​ကို အနိုင်အထက်ပြု​ကြ​၏​။
3ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​လူ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​စေရန် ငါ​စီရင်​ပြီ​။ သင်​တို့​သည် ထို​ဘေး​ကို သင်​တို့​လည်ပင်း​မှ ဖယ်ရှား​နိုင်​မည်​မ​ဟုတ်​။ ဘေးအန္တရာယ်​ကျရောက်​ရာ​ကာလ​ဖြစ်​သောကြောင့် ထောင်လွှား​သွားလာ​နိုင်​ကြ​မည်​မ​ဟုတ်​။ 4ထို​နေ့ရက်​၌ လူ​တို့​က သင်​တို့​ကို ပုံခိုင်း​၍ ‘ငါ​တို့ လုံးလုံး​ပျက်စီး​ကြ​ရ​ပြီ​။ ကိုယ်တော်​သည် ငါ့​လူမျိုး​တို့​၏​အမွေမြေ​ကို သူတစ်ပါး​အား လွှဲပြောင်း​ပေး​ပြီ​။ ငါ့​ထံမှ​လည်း ရုပ်သိမ်း​လိုက်​ပြီ​။ ငါ​တို့​၏​လယ်ယာ​ကို​လည်း ရန်သူ​အား ပေးလိုက်​လေ​ပြီ’​ဟူ၍ ခါးသီး​စွာ​ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 5ထို့ကြောင့် ထာဝရဘုရား​၏​လူစု​တော်​တွင် သင့်​အဖို့ နယ်မြေ​မဲချ​ခွဲဝေ​ပေး​မည့်​သူ​တစ်ယောက်​မျှ​ရှိ​လိမ့်မည်​မ​ဟုတ်​။
ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုငြင်းပယ်ခြင်း
6သူ​တို့​က “သင်​တို့ မ​ဟောပြော​ကြ​နှင့်”​ဟု ဟောပြော​ကြ​၏​။ ဤ​အကြောင်း​နှင့်​ပတ်သက်၍ မည်သူ​မျှ မ​ဟောပြော​ကြ​နှင့်​။ ငါ​တို့ အသရေပျက်​ရ​လိမ့်မည်​မ​ဟုတ်​။ 7“ယာကုပ်​အမျိုးအနွယ်​တို့​၊ ‘ထာဝရဘုရား​သည် စိတ်တို​၍ ဤသို့​ပြု​တော်မူ​ပြီ​လော’​ဟု သင်​တို့​ဆို​သင့်​သလော​။ ငါ့​စကား​သည် ဖြောင့်မှန်​စွာ​ကျင့်ကြံ​သူ​အတွက် အကျိုး​ဖြစ်စေ​သည်​မ​ဟုတ်​လော​။ 8သို့သော် ယခုမူ ငါ့​လူမျိုး​တော်​သည် ရန်သူ​ကဲ့သို့ ထကြွ​ကြ​ပြီ​။ သင်​တို့​သည် စစ်တိုက်​ရာ​မှ ဘေးကင်းလုံခြုံ​စွာ ပြန်ရောက်​လာ​သူ​တို့​၏​အဝတ်တန်ဆာ​တို့​ကို ချွတ်ယူ​ကြ​ပြီ​။ 9သင်​တို့​သည် ငါ့​လူမျိုး​တော်​တို့​၏​မိန်းမ​တို့​ကို သူ​တို့​မွေ့လျော်​ရာ​အိမ်​မှ နှင်ထုတ်​ပစ်​၏​။ သူ​တို့​၏​သားသမီး​များ​ထံ​မှ ငါ​၏​ဘုန်း​ကို အပြီးအပိုင်​နုတ်ယူ​ကြ​ပြီ​။ 10ထ​ကြ​။ ထွက်သွား​ကြ​။ ဤ​ပြည်​သည် ငြိမ်းချမ်း​သော​ပြည် မ​ဟုတ်​တော့​ပြီ​။ ဤ​ပြည်​သည် ညစ်ညူး​သောကြောင့် ကြီးစွာ​သော​ပျက်စီး​ခြင်း​ဖြင့် ပျက်စီး​ရ​လိမ့်မည်​။ 11လူလေလူလွင့်​တစ်ယောက်​က ‘စပျစ်ဝိုင်​အကြောင်း​၊ သေရည်သေရက်​အကြောင်း ငါ​ပရောဖက်ပြု​ဟောပြော​ပေး​မည်’​ဟု လူ​တစ်ယောက်ယောက်​အား လိမ်လည်လှည့်စား​မည်​ဆိုလျှင် သူ​သည် ထို​လူ​အတွက်​သာ ပရောဖက်​ဖြစ်​လိမ့်မည်​။
ကြွင်းကျန်သောအစ္စရေးလူမျိုးကို ပြန်လည်စုစည်းခြင်း
12အို ယာကုပ်​အမျိုး​၊ သင်​တို့​အားလုံး​ကို ငါ​ဧကန်အမှန်​စုသိမ်း​မည်​။ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​ကို ငါ​ဧကန်အမှန်​ပြန်လည်​စုစည်း​မည်​။ သိုးခြံ​ထဲမှ​သိုးအုပ်​ကဲ့သို့​၊ စားကျက်မြေ​ထဲမှ သိုးစု​ကဲ့သို့ တစ်စုတစ်စည်း​တည်း​ဖြစ်​စေ​မည်​။ လူ​များ​သဖြင့် ဆူညံ​နေ​လိမ့်မည်​။ 13ထိုးဖောက်​သွား​မည့်​သူ​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ သူ​တို့​လည်း မြို့​တံခါး​ကို​ဖြိုဖျက်​ပြီး ထို​တံခါး​မှ ဖြတ်​သွား​ကြ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို​ဦးဆောင်​တော်မူ​မည်​။”

လက်ရှိရွေးချယ်ထားမှု

မိက္ခာအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ