ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က“ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့် “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ “အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။ ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။ ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။ ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်၌ပင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများကစေလွှတ်လိုက်သော လူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။ ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင်သွားကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။ ထို့ကြောင့် သူသည် ရောက်လာသည်နှင့် ကိုယ်တော်ထံသို့ ချက်ချင်းချဉ်းကပ်၍ “ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။ ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။ ထိုစဉ် အနီး၌ရပ်နေသောသူတို့ထဲမှ တစ်ဦးသည် ဓားကိုဆွဲထုတ်လျက် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။ ယေရှုက ထိုသူတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးသည် ကိုယ်တော်ကိုထားခဲ့၍ ထွက်ပြေးကြ၏။ လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကိုဖမ်းဆီးကြ၏။ သို့သော် သူသည် ပိတ်ချောထည်ကိုထားခဲ့၍ အဝတ်မပါဘဲထွက်ပြေးသွားလေ၏။ ထို့နောက် သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြရာ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းပြုဆရာများအားလုံးသည် စုဝေးလာကြ၏။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့်သက်သေကို ရှာကြသော်လည်း မတွေ့ကြ။ အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။ ထိုအခါ လူအချို့တို့သည်ထ၍ ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုလျက် “ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။ သို့သော် သူတို့၏သက်သေခံချက်သည်လည်း အလားတူပင်ကိုက်ညီမှုမရှိပေ။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှမဖြေကြားဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသောအရှင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်သလော”ဟု မေးလေ၏။ ယေရှုကလည်း“ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။ ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။ ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍ မီးလှုံနေသောပေတရုကိုတွေ့လျှင် သူ့ကိုစူးစိုက်ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။ ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။ ပေတရုကလည်း “သင်တို့ပြောနေသည့်လူကို ငါမသိ”ဟု တိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည်“ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သောစကားကို သတိရသဖြင့် ချုံးပွဲချငိုကြွေးလေ၏။
ရှင်မာကုခရစ်ဝင် 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 14:32-72
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ