တောလည်ရာကျမ်း 13
13
ခါနာန်ပြည်ကိုစူးစမ်းခြင်း
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့အား ငါပေးမည့် ခါနာန်ပြည်ကိုစူးစမ်းရန် ဘိုးဘေးတို့၏အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကို စေလွှတ်လော့”ဟု မိန့်တော်မူ၏။ 3ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။ 4ထိုသူတို့၏အမည်ကား
ရုဗင်အမျိုးအနွယ်မှ ဇက္ကုရ၏သား ရှမွာ၊
5ရှိမောင်အမျိုးအနွယ်မှ ဟောရိ၏သား ရှာဖတ်၊
6ယုဒအမျိုးအနွယ်မှ ယေဖုန္နာ၏သား ကာလက်၊
7ဣသခါအမျိုးအနွယ်မှ ယောသပ်၏သား ဣဂါလ၊
8ဧဖရိမ်အမျိုးအနွယ်မှ နုန်၏သား ဟောရှေ၊
9ဗင်္ယာမိန်အမျိုးအနွယ်မှ ရာဖု၏သား ပါလတိ၊
10ဇာဗုလုန်အမျိုးအနွယ်မှ သောဒိ၏သား ဂါဒျေလ၊
11ယောသပ်အမျိုးအနွယ်ဖြစ်သည့် မနာရှေအမျိုးအနွယ်မှ သုသိ၏သား ဂဒ္ဒိ၊
12ဒန်အမျိုးအနွယ်မှ ဂေမလ္လိ၏သား အမျေလ၊
13အာရှာအမျိုးအနွယ်မှ မိက္ခေလ၏သား သေသုရ၊
14နဿလိအမျိုးအနွယ်မှ ဝါဖသိ၏သား နာဘိ၊
15ဂဒ်အမျိုးအနွယ်မှ မာခိ၏သား ဂွေလ တို့ဖြစ်ကြ၏။
16ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
17မောရှေက ခါနာန်ပြည်ကိုစူးစမ်းရန် စေလွှတ်သောသူတို့အား “သင်တို့သည် ဤနေဂေ့အရပ်မှဖြတ်၍ တောင်ပေါ်ဒေသသို့ တက်သွားရမည်။ 18ထိုပြည်သည် မည်သို့သောပြည်ဖြစ်သနည်း၊ ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် နည်းသလော၊ များသလော၊ အားကြီးသလော၊ အားနည်းသလော၊ 19သူတို့နေထိုင်သောပြည်သည် ကောင်းသလော၊ ဆိုးသလော။ သူတို့နေထိုင်သောမြို့တို့သည် တပ်စခန်းဖြင့်လော၊ ခိုင်ခံ့သောမြို့လော။ 20ထိုပြည်သည် ကြွယ်ဝသလော၊ ဆင်းရဲသလော။ ထိုပြည်ထဲ၌ အပင်ရှိသလော၊ မရှိသလော စသည်ဖြင့် ကြည့်ရှုစစ်ဆေးရမည်။ သင်တို့သည် ရဲရင့်ခြင်းရှိရမည်။ ထိုပြည်မှ အသီးအချို့ကိုယူဆောင်လာရမည်”ဟု မှာကြားလေ၏။ ထိုအချိန်သည် စပျစ်သီး အဦးဆုံးမှည့်သောအချိန်ဖြစ်၏။
21ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။ 22သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။) 23သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။ 24(အစ္စရေးအမျိုးသားတို့ ထိုအရပ်မှ ခုတ်ယူခဲ့သောစပျစ်အပြွတ်အခိုင်ကိုအကြောင်းပြု၍ ထိုအရပ်ကို ဧရှကောလ#13:24 “အပြွတ်အခိုင်”ဟူသောအဓိပ္ပာယ်ရှိ၏။ချိုင့်ဝှမ်းဟု ခေါ်၏။) 25အရက်လေးဆယ်ပြည့်သောအခါ သူတို့သည် ထိုပြည်ကိုစူးစမ်းရာမှ ပြန်လာကြ၏။
ခါနာန်ပြည်အကြောင်းအစီရင်ခံခြင်း
26သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။ 27သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။ 28သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။ 29အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
30ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
31သို့သော် သူနှင့်အတူသွားခဲ့သောသူတို့က “ထိုသူတို့သည် ငါတို့ထက်အားကြီးသောကြောင့် သူတို့ကို တိုက်ခိုက်ရန်မဖြစ်နိုင်ပါ”ဟု ဆိုကြ၏။ 32သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။ 33ထိုအရပ်၌ ဧရာမလူ#13:33 မူရင်းစကားလုံး၏အသံထွက်အရ “နဖိလိမ်”။တို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative