တောလည်ရာကျမ်း 6
6
နာဇရိလူအဖြစ်ကတိသစ္စာပြုခြင်း
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နာဇရိလူ#6:2 “သီးသန့်ခွဲထားသောသူ” သို့မဟုတ် “ဆက်ကပ်ထားသောသူ”ဟူသောအဓိပ္ပာယ်ရှိ၏။အဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ကတိသစ္စာပြုလိုလျှင် 3စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကို ရှောင်ရမည်။ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ဖြစ်စေ၊ အချဉ်ဖောက်ထားသောသေရည်သေရက်ဖြစ်စေ မသောက်ရ။ စပျစ်သီးဖျော်ရည်မှန်သမျှကိုလည်း မသောက်ရ။ စပျစ်သီး အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ မစားရ။ 4နာဇရိလူအဖြစ် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလပတ်လုံး စပျစ်သီးအစေ့အခွံမှစ၍ စပျစ်ပင်မှထွက်သောမည်သည့်အရာကိုမျှ မစားရ။
5မိမိကိုယ်မိမိနာဇရိလူအဖြစ် ကတိသစ္စာပြုသည့်ကာလပတ်လုံး မိမိ၏ခေါင်းကိုမရိတ်ရ။ ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလမပြည့်မီတိုင်အောင် သန့်ရှင်းသောသူဖြစ်ရမည်။ မိမိဆံပင်ကို အရှည်ထားရမည်။ 6ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားသောကာလပတ်လုံး လူသေအလောင်းအနီးသို့ မသွားရ။ 7ဖခင်၊ မိခင်၊ ညီအစ်ကိုမောင်နှမ သေလျှင်လည်း သူတို့အတွက် မိမိကိုယ်မိမိ မညစ်ညူးစေရ။ အကြောင်းမူကား ဘုရားသခင်အတွက် နာဇရိလူဖြစ်ခြင်းအမှတ်အသားသည် သူ၏ဦးခေါင်းပေါ်၌ရှိ၏။ 8နာဇရိလူဖြစ်သည့်ကာလပတ်လုံး ထာဝရဘုရားအတွက် သန့်ရှင်းသောသူဖြစ်ရမည်။
9တစ်စုံတစ်ဦးသည် သူ့အနားတွင် ရုတ်တရက်သေဆုံးသွားလျှင် နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုညစ်ညူးစေရာရောက်၏။ သူသည် မိမိအတွက် သန့်စင်ခြင်းနေ့ဖြစ်သော ခုနစ်ရက်မြောက်သောနေ့၌ ခေါင်းကိုရိတ်ရမည်။ 10ရှစ်ရက်မြောက်သောနေ့၌ ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ 11ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ခြင်းဖြင့် အသေကောင်ကြောင့် ပြစ်မှားရာရောက်သော ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးရမည်။ ထိုနေ့၌ပင် သူ၏ဦးခေါင်းကို သန့်ရှင်းစေရမည်။ 12သူ၏နာဇရိလူဖြစ်ခြင်းသည် ညစ်ညူးသွားသောကြောင့် ယခင်ကာလသည် ပျက်ပြယ်သွား၏။ ထို့ကြောင့် သူသည် နာဇရိလူအဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ဒုစရိုက်ဖြေရာယဇ်အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ယူဆောင်လာရမည်။
13နာဇရိလူနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ နာဇရိလူသည် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလပြည့်သောနေ့၌ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ လာရမည်။ 14ပူဇော်သက္ကာအဖြစ် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်၊ 15အကောင်းဆုံးဂျုံမှုန့်ကို ဆီဖြင့်ရော၍လုပ်ထားသည့် တဆေးမဲ့မုန့်လုံးနှင့် ဆီလူးထားသည့်တဆေးမဲ့မုန့်ကြွပ် တစ်တောင်းကို ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ ထာဝရဘုရားထံ ယူဆောင်လာရမည်။
16ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကို ပူဇော်ရမည်။ 17မိတ်သဟာယယဇ်အဖြစ် သိုးထီးကို တဆေးမဲ့မုန့်တောင်းနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ယဇ်ပုရောဟိတ်သည် ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ကိုလည်း ပူဇော်ရမည်။
18နာဇရိလူသည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုရိတ်၍ ရိတ်ထားသောဆံပင်ကို ယူပြီး မိတ်သဟာယယဇ်အောက်ရှိ မီးထဲသို့ ထည့်ရမည်။ 19နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော သူ၏ခေါင်းကိုရိတ်ပြီးနောက် ယဇ်ပုရောဟိတ်သည် ပြုတ်ထားသောသိုးထီးပခုံးနှင့် တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ တဆေးမဲ့မုန့်ကြွပ်တစ်ခုကို ယူ၍ သူ၏လက်ထဲသို့ ထည့်ရမည်။ 20ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ၎င်းတို့နှင့် ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့သည် ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်း၏။ ထို့နောက်မှ နာဇရိလူသည် စပျစ်ဝိုင်ကိုသောက်ခွင့်ရှိ၏။
21ဤသည်ကား နာဇရိလူနှင့်ဆိုင်သောတရားဖြစ်၏။ နာဇရိလူသည် မိမိတတ်နိုင်သောအရာအပြင် မိမိကိုယ်မိမိ ထာဝရဘုရားထံ ပူဇော်ရန် ကတိသစ္စာပြုထားသောသူဖြစ်၍ ကတိသစ္စာပြုထားသည်နှင့်အညီ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သောတရားအတိုင်း ပြုကျင့်ရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့ကို ကောင်းချီးပေးခြင်း
22တစ်ဖန် ထာဝရဘုရားက မောရှေအား
23“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ သင်တို့သည် အစ္စရေးအမျိုးသားတို့အား 24‘ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေး၍ စောင့်ထိန်းတော်မူပါစေသော။ 25ထာဝရဘုရားသည် သင့်အပေါ် မျက်နှာတော်အလင်းကို ထွန်းလင်းစေ၍ ကရုဏာသက်တော်မူပါစေသော။ 26ထာဝရဘုရားသည် သင့်ဘက်သို့ မျက်နှာတော်ကို လှည့်၍ သင့်အား ငြိမ်းချမ်းမှုကိုပေးတော်မူပါစေသော’ဟု ကောင်းချီးပေးရမည်။ 27ဤသို့ဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့အပေါ် ငါ၏နာမတော်ကိုတည်စေ၍ ငါသည် သူတို့ကိုကောင်းချီးပေးမည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative