YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 9

9
ဒုတိယအကြိမ်ကျင်းပသောပသခါပွဲတော်
1အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ပထမ​လ​၌ သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​သည် သတ်မှတ်​ထား​သော​အချိန်​၌ ပသခါပွဲတော်​ကို​ကျင်းပ​ရ​မည်​။ 3သင်​တို့​သည် သတ်မှတ်​ထား​သော​အချိန်​ဖြစ်​သည့် ဤ​လ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​၌ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 4ထို့ကြောင့် မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ပသခါပွဲတော်​ကျင်းပ​ရန် ဆင့်ဆို​လေ​၏​။ 5အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။
6သို့သော် ထို​နေ့​၌ လူ​အချို့​တို့​သည် လူသေအလောင်း​ကြောင့် မစင်ကြယ်​သည်​ဖြစ်​၍ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​မ​ရ​ကြ​။ ထို့ကြောင့် ထို​နေ့​၌ သူ​တို့​သည် မောရှေ​နှင့်​အာရုန်​ထံသို့​လာ​၍ 7“​အကျွန်ုပ်​တို့​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​ခဲ့​ပါ​၏​။ သတ်မှတ်​ထား​သော​အချိန်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ ထာဝရဘုရား​ထံ ပူဇော်သက္ကာ​ကို ပူဇော်​ခွင့်​မ​ရ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မောရှေ​အား မေးလျှောက်​ကြ​၏​။
8မောရှေ​က​လည်း “​စောင့်​ဦး​လော့​။ သင်​တို့​အမှု​နှင့်​ပတ်သက်၍ ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ငါ​နားထောင်​ဦး​မည်​”​ဟု သူ​တို့​အား ပြန်ပြော​၏​။
9ထာဝရဘုရား​က မောရှေ​အား
10“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​ဖြစ်စေ​၊ သင်​တို့​၏​မျိုးဆက်​ဖြစ်စေ တစ်စုံတစ်ယောက်​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​နေ​လျှင်​လည်းကောင်း​၊ ခရီး​လွန်​နေ​လျှင်​လည်းကောင်း ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​ရှိ​၏​။ 11သူ​တို့​သည် ထို​ပွဲတော်​ကို ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် ကျင်းပ​ရ​မည်​။ သိုးသငယ်​အသား​ကို တဆေးမဲ့မုန့်​၊ ခါး​သော​ဟင်းရွက်​တို့​နှင့် စား​ရ​မည်​။ 12အသား​ကို နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။#ယော 19:36။ ပသခါပွဲတော်​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​။
13သို့သော် တစ်စုံတစ်ယောက်​သည် စင်ကြယ်​ခြင်း​ရှိ​လျက်​၊ ခရီး​လည်း​မ​လွန်​ဘဲ​လျက် ပသခါပွဲတော်​ကို မ​ကျင်းပ​လျှင် သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​၌ ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို မ​ပူဇော်​သောကြောင့် သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။
14သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း#9:14 တိုက်ရိုက်ပြန်ဆိုလျှင် “ပြည်သား”။​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
မိုးတိမ်ဖြင့်လမ်းပြပို့ဆောင်ခြင်း
15ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​သော​နေ့​၌ မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သော သက်သေခံချက်​တဲ​တော်​ကို ဖုံးလွှမ်း​လေ​၏​။ ထို​မိုးတိမ်​သည် နေဝင်ချိန်​မှ နံနက်​တိုင်အောင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မီး​သဏ္ဌာန်​ကဲ့သို့ တည်​နေ​၏​။ 16ထိုသို့ မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​ဌာန​ကို အစဉ်မပြတ်​ဖုံးလွှမ်း​လျက်​၊ ညအချိန်​တွင် မီး​သဏ္ဌာန်​ကဲ့သို့​ဖြစ်​လျက် နေ​၏​။ 17မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သည့်​အခါ အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​၏​။ မိုးတိမ်​ရပ်တန့်​သည့်​နေရာ​တွင် အစ္စရေး​အမျိုးသား​တို့ စခန်းချ​ကြ​၏​။ 18အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ခရီးပြု​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း စခန်းချ​ကြ​၏​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​တည်​နေ​သမျှ​ကာလ​ပတ်လုံး သူ​တို့ စခန်းချ​ကြ​၏​။
19မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​ပေါင်း​များစွာ​တည်နေ​လျှင်​လည်း အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။ 20မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​အနည်းငယ်​သာ တည်နေ​သောအခါ​လည်း​ရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း စခန်းချ​ကြ​၏​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ခရီးပြု​ကြ​၏​။ 21မိုးတိမ်​သည် နေဝင်ချိန်​မှ နံနက်​အထိ တည်နေ​သောအခါ​လည်း ရှိ​၏​။ နံနက်အချိန် မိုးတိမ်​ကွာ​လျှင် သူ​တို့ ခရီးပြု​ကြ​၏​။ နေ့​ဖြစ်စေ​၊ ည​ဖြစ်စေ မိုးတိမ်​ကွာ​သည့်အခါ​တိုင်း သူ​တို့ ခရီးပြု​ကြ​၏​။ 22ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​သည် နှစ်​ရက်​ဖြစ်စေ​၊ တစ်​လ​ဖြစ်စေ​၊ တစ်​နှစ်​ဖြစ်စေ တည်​နေ​သောအခါ​လည်း ရှိ​၏​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ စခန်းချ​ကြ​၏​။ မိုးတိမ်​ကွာ​သောအခါ​မှ ခရီးပြု​ကြ​၏​။ 23ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ စခန်းချ​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ ခရီးပြု​ကြ​၏​။ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည် ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ