YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလေမုန်ဩဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက် ဖိလေမုန်​မှစ၍ 2ငါ​တို့​နှမ​အပ္ပိ၊ ငါ​တို့​၏​ရဲဘော်ရဲဘက်​အာခိပ္ပု​နှင့် သင်​၏​အိမ်​၌​စုဝေး​သော​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 3ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ဖိလေမုန်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်း
4ငါ​သည် ငါ​၏​ဆုတောင်း​ချက်​များ​ထဲတွင် သင့်​ကို​အစဉ်​သတိရ​လျက် ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​၏။ 5အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ 6ထို့ကြောင့် ခရစ်တော်​အတွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အရာ​အားလုံး​တို့​ကို သိ​ခြင်း​အားဖြင့် သင်​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ထိရောက်​မှု​ရှိ​သော​အရာ​ဖြစ်လာ​ရန် ငါ​ဆုတောင်း​၏။ 7ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။
သြနေသိမ်အတွက် တောင်းပန်ခြင်း
8ထို့ကြောင့် ငါ​သည် သင်​ပြုသင့်​သည့်​အရာ​ကို​ပြု​ရန် အမိန့်​ပေး​နိုင်​သည်​ဟု ခရစ်တော်​အားဖြင့် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သော်လည်း 9ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင့်​အား တောင်းပန်​ခြင်း​အမှု​ကို​သာ​ပြု​ပါ​၏။ ဤသို့ အိုမင်း​သူ​ဖြစ်​ပြီး ယခု​မူကား ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​လည်း​ဖြစ်​သည့် ငါ​ပေါလု​သည် 10အချုပ်အနှောင်​ခံရ​စဉ် ငါ့​သား​ဖြစ်လာ​သော​ဩနေသိမ်​အတွက် သင့်​ကို​တောင်းပန်​ပါ​၏။ 11သူ​သည် ယခင်​က သင့်​အတွက် အသုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်လည်း ယခု​မူကား သင့်​အတွက်​ရော ငါ့​အတွက်​ပါ အသုံးဝင်​သူ​ဖြစ်​လာ​၏။
12သူ့​ကို သင့်​ထံသို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အသည်းနှလုံး​ဖြစ်​၏။ 13ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် အချုပ်အနှောင်​ခံရ​စဉ် သင့်​ကိုယ်စား ငါ့​ကို​ကူညီ​ဆောင်ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ၌ ခေါ်​ထား​လို​ပါ​၏။ 14သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။ 15သူ​သည် သင်​နှင့် ခေတ္တ​ခဏ​ကွဲကွာ​ခဲ့​ခြင်း​မှာ သင်​သည် သူ့​ကို ထာဝစဉ်​ရရှိ​နိုင်​ရန်​အတွက် ဖြစ်ကောင်းဖြစ်​လိမ့်မည်။ 16ထိုသို့ဆိုရာ၌ ကျွန်​တစ်​ဦး​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို၍​မြတ်​သည့် ချစ်​သော​ညီအစ်ကို​အဖြစ် ရရှိ​ခြင်း​ကို​ဆိုလို​၏။ အထူးသဖြင့် ငါ့​အတွက် ထိုသို့​ဖြစ်​လေ​ပြီ။ သင့်​အတွက်​မူကား သွေးသား​၌​လည်းကောင်း၊ သခင်​ဘုရား​၌​လည်းကောင်း မည်မျှ​ပို၍ ထိုကဲ့သို့​ဖြစ်​လိမ့်မည်​နည်း။
17သို့ဖြစ်၍ သင်​သည် ငါ့​ကို လုပ်ဖော်ဆောင်ဖက်​အဖြစ်​မှတ်ယူ​လျှင် ငါ့​ကို​လက်ခံ​သကဲ့သို့ သူ့​ကို​လက်ခံ​ပါ​လော့။ 18အကယ်၍ သူ​သည် သင့်​အပေါ်၌ ပြစ်မှား​ခြင်း၊ အကြွေး​တင်​ခြင်း တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​ကို ငါ့​တာဝန်​ထား​လော့။ 19ငါ​ပေါလု​သည် ပြန်လည်​ပေးဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်တိုင်​လည်း ငါ့​အား အကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။ 20ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သခင်​ဘုရား​၌ သင့်​ထံမှ အကျိုးကျေးဇူး​ကို​ရရှိ​လို​ပါ​၏။ ခရစ်တော်​အားဖြင့် ငါ​၏​စိတ်နှလုံး​ကို ငြိမ်သက်​ချမ်းသာ​စေ​ပါ​လော့။ 21သင်​၏​နာခံ​ခြင်း​ကို ယုံကြည်​စိတ်ချ​၍ ငါ​ပြော​သော​အရာ​ထက်​ပင် သင်​ပို၍​ပြု​မည်​ကို သိ​လျက် သင့်​ထံသို့ ငါ​စာ​ရေး​လိုက်​ပါ​၏။
22တစ်ချိန်တည်း​မှာပင် ငါ့​အတွက် တည်းခို​စရာ​နေရာ​ကို​လည်း ပြင်ဆင်​ထား​ပါ​လော့။ အကြောင်းမူကား သင်​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် သင်​တို့​ထံသို့​ရောက်ရှိ​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​ဟု ငါ​မျှော်လင့်​နေ​၏။
နောက်ဆုံးနှုတ်ဆက်ခြင်း
23ခရစ်တော်​ယေရှု​၌ ငါ​နှင့်အတူ​အကျဉ်းချ​ခံရ​သူ ဧပဖြ​မှစ၍ 24ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် မာကု၊ အာရိတ္တာခု၊ ဒေမ​နှင့် လုကာ​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​ပါ​၏။
25သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

ဖိလေမုန်ဩဝါဒစာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ