သုတ္တံကျမ်း 8
8
ဉာဏ်ပညာ၏ဖိတ်ခေါ်သံ
1ဉာဏ်ပညာသည် ဟစ်ခေါ်၍
ထိုးထွင်းဉာဏ်သည် မိမိ၏အသံကိုလွှင့်သည်မဟုတ်လော။
2၎င်းသည် မြင့်သောအရပ်၏ထိပ်၊
လမ်းဘေး၊ လမ်းဆုံလမ်းခွတို့၌ရပ်လျက်
3မြို့တံခါးတို့အနား၊ မြို့အဝင်ဝ၊
တံခါးတို့၏အပေါက်ဝ၌ ကြွေးကြော်သည်မှာ
4အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။
ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။
5အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။
မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။
6နားထောင်ကြလော့။ အကြောင်းမူကား ငါသည်
ကောင်းမြတ်သောအရာများကို ပြောဆိုမည်။
ငါ့နှုတ်မြွက်ဟသောအရာသည်လည်း
ဟုတ်မှန်သောအရာများဖြစ်၏။
7အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍
ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။
8ငါ၏နှုတ်ထွက်စကားရှိသမျှသည် ဖြောင့်မတ်၍
၎င်းတို့တွင် ဉာဏ်များသောသဘော၊ ကောက်ကျစ်သောသဘောမရှိ။
9ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍
အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။
10ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။
ရွှေစင်အစား အသိပညာကို ရယူကြလော့။
11အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍
မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
12ငါ ဉာဏ်ပညာသည် ဆင်ခြင်ဉာဏ်နှင့်အတူနေ၍
အလိမ္မာဉာဏ်နှင့်ဆိုင်သောအသိပညာကို ငါတွေ့၏။
13ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။
မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊
မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
14ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။
ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
15ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍
အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။
16အကြီးအကဲများ၊ မင်းအရာရှိများနှင့်
ဖြောင့်မတ်စွာတရားစီရင်သောသူအားလုံးတို့သည်
ငါ့အားဖြင့် အုပ်စိုးရကြ၏။
17ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။
ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။
18ဓနဥစ္စာနှင့်ဂုဏ်သရေ၊ တည်မြဲသောစည်းစိမ်ဥစ္စာနှင့်
ဖြောင့်မတ်ခြင်းသည် ငါနှင့်အတူရှိ၏။
19ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။
ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။
20ငါသည် ဖြောင့်မတ်ခြင်းလမ်း၊
တရားမျှတခြင်းလမ်း၏အလယ်၌ လျှောက်သွား၍
21ငါ့ကိုချစ်သောသူတို့အား စည်းစိမ်ချမ်းသာကိုအမွေဆက်ခံစေလျက်
သူတို့၏ဘဏ္ဍာတိုက်များကို ပြည့်စေ၏။
22ထာဝရဘုရားသည် ရှေးယခင် မိမိ၏အမှုတော်များကိုမစတင်မီ၊
မိမိလုပ်ဆောင်မှု၏အစအဦးကပင် ငါ့ကိုပိုင်သတော်မူ၏။
23ထာဝရကာလ၊ ကနဦးကာလ၊ မြေကြီးကိုမဖန်ဆင်းမီကာလကပင်
ငါသည် ခန့်အပ်ထားခြင်းခံရပြီ။
24နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ
ငါ့ကိုဖြစ်တည်စေတော်မူပြီ။
25တောင်များကိုမဖြစ်ပေါ်စေမီ၊
တောင်ကုန်းများမရှိမီ၊
26မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ
ငါ့ကိုဖြစ်တည်စေတော်မူပြီ။
27မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ
ငါသည် ထိုအရပ်၌ရှိ၏။
နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို
အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊
28အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး
နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို
ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊
29ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း
ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊
ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို
အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
30ငါသည် လက်မှုပညာရှင်ကဲ့သို့ ကိုယ်တော်၏အနားတွင်ရှိ၍
နေ့စဉ်နေ့တိုင်း ကိုယ်တော်၏ကြည်နူးတော်မူရာဖြစ်ခဲ့ပြီး
ရှေ့တော်၌ အစဉ်အမြဲပျော်မြူး၏။
31ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍
လူသားတို့၌ ကြည်နူးလျက်နေ၏။
32သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။
ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
33ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်၍ ဉာဏ်ပညာရှိကြလော့။
၎င်းကိုလျစ်လျူမရှုကြနှင့်။
34ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက်
ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
35အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍
ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
36ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။
ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative