YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119

119
ထာဝရဘုရား၏နှုတ်ကပတ်တရားတော်၌ မွေ့လျော်ခြင်း
လမ်းတော်
1ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍
စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
2ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍
ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
3ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း
အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။
4ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့်
မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။
5ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန်
အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။
6ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို
ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။
7အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ
ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။
8အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။
အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
နှုတ်ကပတ်တော်
9လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား
ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။
10အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။
အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။
11ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို
အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။
12အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
13အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို
ပြောကြား​ပါ​၏​။
14အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့
ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။
15ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက်
ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။
16ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။
သက်သေခံချက်
17ကိုယ်တော်​၏​အစေအပါး​သည် အသက်ရှင်​၍
ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​စောင့်ထိန်း​နိုင်​ရန် ကျေးဇူးပြု​တော်မူ​ပါ​။
18ကိုယ်တော်​၏​တရားတော်​ထဲမှ အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​နိုင်​ရန်
အကျွန်ုပ်​၏​မျက်စိ​ကို ဖွင့်ပေး​တော်မူ​ပါ​။
19အကျွန်ုပ်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် ဧည့်သည်​ဖြစ်​ပါ​၏​။
ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ဝှက်ထား​တော်​မ​မူ​ပါ​နှင့်​။
20အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို
အစဉ်အမြဲ စွဲလမ်း​တောင့်တ​သော​အားဖြင့် ကြေကွဲ​လျက်​ရှိ​ပါ​၏​။
21ကိုယ်တော်​၏​ပညတ်တော်​တို့​မှ​လမ်းလွဲ​သွား​ကြ​၍
မာနထောင်လွှား​သော​သူ​တို့​နှင့် ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့​ကို ကိုယ်တော်​ဆုံးမ​တော်မူ​၏​။
22အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍
ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့် မထီမဲ့မြင်ပြု​ခြင်း​ကို အကျွန်ုပ်​ထံမှ​ဖယ်ရှား​တော်မူ​ပါ​။
23အကြီးအကဲ​တို့​သည် ထိုင်​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​သော်လည်း
ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို
ဆင်ခြင်အောက်မေ့​လျက်​နေ​ပါ​မည်​။
24ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊
အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။
ဥပဒေသ
25အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​၌​ကပ်​နေ​ပါ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
26အကျွန်ုပ်​၏​ဘဝလမ်း​အကြောင်း​တို့​ကို အကျွန်ုပ်​ဖော်ပြ​သောအခါ
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၏​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
27ကိုယ်တော်​၏​ဥပဒေသ​လမ်း​ကို အကျွန်ုပ်​အား နားလည်​စေ​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။
28အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။
29မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍
ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။
30အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။
31အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။
အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။
32ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍
အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။
စီရင်ထုံးဖွဲ့ချက်
33အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။
အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။
34အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို
လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။
35အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍
ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။
36အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ
ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။
37အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။
ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
38ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို
ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။
39အကျွန်ုပ်​ကြောက်​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို လွှဲဖယ်​တော်မူ​ပါ​။
အကြောင်းမူကား ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကောင်းမြတ်​ကြ​ပါ​၏​။
40အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စွဲလမ်း​တောင့်တ​ပါ​၏​။
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
ပညတ်တော်
41အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း
ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည်
အကျွန်ုပ်​ထံ ရောက်လာ​ပါစေသော​။
42ထိုအခါ အကျွန်ုပ်​အား​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​ကို တုံ့ပြန်​ပြောဆို​နိုင်​ပါ​မည်​။
အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။
43ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​သည်​ဖြစ်၍
သမ္မာတရား​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​၏​နှုတ်​မှ
အလျှင်း​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။
44အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို ကာလ​အစဉ်အဆက်
အမြဲမပြတ်​စောင့်ထိန်း​ပါ​မည်​။
45ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍
လွတ်လပ်​ခြင်း​ထဲ၌ သွားလာ​ပါ​မည်​။
46အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။
အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။
47အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​၌
အကျွန်ုပ်​မွေ့လျော်​ပါ​၏​။
48အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​အတွက် အကျွန်ုပ်​၏​လက်​ကို​မြှောက်​၍
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။
တရားတော်
49ကိုယ်တော်​၏​အစေအပါး​အား မိန့်​တော်မူ​သော​နှုတ်ကပတ်တော်​ကို အောက်မေ့​တော်မူ​ပါ​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို ထို​နှုတ်ကပတ်တော်​၌ မျှော်လင့်ကိုးစား​စေ​ပါ​၏​။
50ကိုယ်တော်​၏​ကတိ​တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​သည်​ဖြစ်၍
အကျွန်ုပ်​ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင်
အကျွန်ုပ်​အတွက်​နှစ်သိမ့်စရာ​အကြောင်း​ဖြစ်​ပါ​၏​။
51မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း
အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။
52အို ထာဝရဘုရား​၊ ရှေးကာလ​မှ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို
အကျွန်ုပ်​အောက်မေ့​သောအခါ နှစ်သိမ့်မှု​ကို​ရရှိ​ပါ​၏​။
53ကိုယ်တော်​၏​တရားတော်​ကို​စွန့်ပယ်​သည့် ဆိုးယုတ်​သော​သူ​တို့​ကြောင့်
ပူလောင်​သော​ဒေါသ​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​၏​။
54ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​သည် အကျွန်ုပ်​တည်းခိုနေထိုင်​ရာ​အိမ်​၌
အကျွန်ုပ်​အတွက်​တေးသီချင်း​များ​ဖြစ်​ကြ​ပါ​၏​။
55အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ညအချိန်​၌ ကိုယ်တော်​၏​နာမ​တော်​ကို သတိရ​၍
ကိုယ်တော်​၏​တရားတော်​ကို စောင့်ထိန်း​ပါ​၏​။
56ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​ခြင်း​သည်
အကျွန်ုပ်​အတွက်​အလေ့အကျင့်​ဖြစ်လာ​ပါ​၏​။
ပြဋ္ဌာန်းချက်
57ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။
58အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။
ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
59အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍
အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။
60အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန်
တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။
61ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း
အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။
62ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက်
ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။
63အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို
စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။
64အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ပြည့်ဝ​လျက်​ရှိ​ပါ​၏​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
ကောင်းမြတ်ခြင်း
65အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း
ကိုယ်တော်​၏​အစေအပါး​အပေါ် ကောင်းမြတ်​တော်မူ​ပြီ​။
66အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ယုံကြည်​စိတ်ချ​သည်​ဖြစ်၍
ကောင်းမြတ်​သော​ဆင်ခြင်တုံတရား​နှင့် အသိပညာ​ကို
အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
67အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။
ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။
68ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ ကောင်း​သော​အမှု​ကို​လည်း​ပြု​တော်မူ​၏​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
69မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မုသား​ဖြင့် ညစ်ပေ​စေ​ကြ​သော်လည်း
အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာကျင့်သုံး​ပါ​၏​။
70သူ​တို့​၏​စိတ်နှလုံး​သည် အဆီ​ကဲ့သို့ ထူပိန်း​ထိုင်းမှိုင်း​ပါ​၏​။
အကျွန်ုပ်​မူကား ကိုယ်တော်​၏​တရားတော်​၌ မွေ့လျော်​ပါ​၏​။
71ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။
သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။
72ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက်
ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။
ပျော်မွေ့ခြင်း
73ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။
ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။
74အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​သည်​ဖြစ်၍
ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​ပါ​လိမ့်မည်​။
75အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ဖြောင့်မတ်​ကြောင်း​ကို​လည်းကောင်း​၊
ကိုယ်တော်​သည် အကျွန်ုပ်​ကို သစ္စာ​တော်​နှင့်အညီ
ဒုက္ခဝေဒနာ​ခံစား​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​သိ​ပါ​၏​။
76ကိုယ်တော်​၏​အစေအပါး​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​ကတိ​တော်​အတိုင်း
ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​ပါစေသော​။
77ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​သောကြောင့်
အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်
အကျွန်ုပ်​အပေါ်​သက်ရောက်​ပါစေသော​။
78မာနထောင်လွှား​သော​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​တလွဲစီရင်​ကြ​သည်​ဖြစ်၍
အရှက်ကွဲ​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​ဥပဒေသ​တို့​ကို
ဆင်ခြင်အောက်မေ့​ပါ​မည်​။
79ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​သက်သေခံချက်​များ​ကို သိ​သော​သူ​တို့​သည်
အကျွန်ုပ်​ထံသို့ ပြန်လှည့်​လာ​ကြ​ပါစေသော​။
80အကျွန်ုပ်​သည် အရှက်ကွဲ​ခြင်း​နှင့် ကင်းလွတ်​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်နှလုံး​သည်
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​နှင့်​ပတ်သက်၍ အပြစ်တင်စရာ​ကင်း​ပါစေသော​။
မေတ္တာကရုဏာတော်
81အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။
82အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​သဖြင့်
“​ကိုယ်တော်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​တော်မူ​မည်နည်း​”​ဟု ဆို​ပါ​၏​။
83အကျွန်ုပ်​သည် အခိုးရိုက်​သော သားရေဘူး​ကဲ့သို့​ဖြစ်​သော်လည်း
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​ကို မ​မေ့လျော့​ပါ​။
84ကိုယ်တော့်​အစေအပါး​၏​နေ့ရက်​တို့​သည် မည်မျှ​ကြာ​ပါ​မည်နည်း​။
အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို မည်သည့်​အချိန်​မှ တရားစီရင်​တော်မူ​မည်နည်း​။
85မာနထောင်လွှား​သော​သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့်အညီ လိုက်လျှောက်​ခြင်း​မ​ရှိ​ဘဲ
အကျွန်ုပ်​အတွက် ထောင်ချောက်​တွင်း​များ​ကို​တူး​ကြ​ပါ​ပြီ​။
86ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​ပါ​၏​။
ထို​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​ကြ​သည်​ဖြစ်၍
အကျွန်ုပ်​ကို ကူညီမစ​တော်မူ​ပါ​။
87သူ​တို့​သည် အကျွန်ုပ်​ကို ကမ္ဘာမြေကြီး​ပေါ်မှ အပြီးသတ်​သုတ်သင်​လုနီးပါး​ဖြစ်​ခဲ့​ပါ​၏​။
သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​စွန့်ပယ်​ပါ​။
88ကိုယ်တော်​၏​နှုတ်​တော်​ထွက်​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​နိုင်​ရန်
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
သစ္စာတော်
89အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည်
ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏​။
90ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။
ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။
91ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၏​အသုံးတော်ခံ​များ​ဖြစ်၍
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ ယနေ့​တိုင်အောင် တည်မြဲ​လျက်​ရှိ​ကြ​ပါ​၏​။
92ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင်
အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။
93အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​ကို မည်သည့်​အခါ​မျှ​မ​မေ့လျော့​ပါ​။
အကြောင်းမူကား ကိုယ်တော်​သည် ထို​ဥပဒေသ​များ​အားဖြင့်
အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။
94ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
95ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဖျက်ဆီး​ရန် စောင့်​နေ​ကြ​ပါ​၏​။
သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အလေးအနက်​ဆင်ခြင်​ပါ​၏​။
96ပြည့်စုံ​မှု​ရှိသမျှ​တို့​၌ အကန့်အသတ်​ရှိ​ကြောင်း​ကို အကျွန်ုပ်​မြင်​ပါ​၏​။
ကိုယ်တော်​၏​ပညတ်တော်​မူကား အလွန်​ကျယ်ပြန့်​ပါ​၏​။
ဉာဏ်ပညာ
97အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။
ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။
98ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။
အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။
99ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့်
အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။
100အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍
အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။
101ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန်
အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။
102ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့်
အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။
103ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။
အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။
104အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။
ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။
နှုတ်ကပတ်တော်အလင်း
105ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး
အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။
106ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု
အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။
107အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​ပါ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။
108အို ထာဝရဘုရား​၊ နှလုံးသား​ပါ​လျက်​အကျွန်ုပ်​နှုတ်​၏​ချီးမွမ်းခြင်းယဇ်​ကို လက်ခံ​တော်မူ​ပါ​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
109အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ#119:109 တိုက်ရိုက်ပြန်ဆိုလျှင် “ကိုယ့်အသက်ကို ကိုယ့်လက်ထဲ၌ အစဉ်ကိုင်ထားနေရ”။​သော်လည်း
ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။
110ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။
သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။
111အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အမွေ​အဖြစ် ထာဝရ​ဆက်ခံ​ရရှိ​ပါ​၏​။
အကြောင်းမူကား ထို​အရာ​တို့​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ရွှင်မြူးရာ​ဖြစ်​ကြ​ပါ​၏​။
112ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အဆုံး​တိုင်အောင် အစဉ်အမြဲ​လိုက်နာ​ရန်
အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ပြင်ဆင်​ထား​ပါ​၏​။
မျှော်လင့်ချက်
113အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။
သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။
114ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။
115ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။
ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။
116အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။
အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။
117အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။
118ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။
အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။
119ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။
ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။
120ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။
တရားမျှတခြင်း
121အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။
အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။
122ကိုယ်တော့်​အစေအပါး​၏​ကောင်းကျိုးချမ်းသာ​အတွက် အာမခံ​ပေး​တော်မူ​ပါ​။
မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မ​နှိပ်စက်​ကြ​ပါစေ​နှင့်​။
123အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်
ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်​တော်မူ​ချက်​ကို တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။
124ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ ကိုယ်တော်​၏​အစေအပါး​အပေါ် ပြု​တော်မူ​ပါ​။
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။
125အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။
ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။
126အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍
ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။
127သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို
ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။
128ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု
အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။
အလင်းပေးခြင်း
129ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အံ့ဩဖွယ်​ဖြစ်​ကြ​ပါ​၏​။
ထို့ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ၎င်း​တို့​ကို လိုက်နာကျင့်သုံး​ပါ​၏​။
130ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍
အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။
131အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို တောင့်တ​အားကြီး​သဖြင့်
ပါးစပ်​ဟ​လျက် မောဟိုက်​နေ​ပါ​၏​။
132ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း
အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
133ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။
မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။
134ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​နိုင်​ရန်
အကျွန်ုပ်​ကို လူ​တို့​၏​ဖိနှိပ်ချုပ်ချယ်မှု​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။
135ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ်​ထွန်းလင်း​စေ​၍
ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။
136လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့်
အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။
ဖြောင့်မတ်ခြင်း
137အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။
138ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို ဖြောင့်မတ်​ခြင်း​နှင့်​လည်းကောင်း​၊
ကြီးမား​သော​သစ္စာ​နှင့်​လည်းကောင်း ချမှတ်​ထား​တော်မူ​၏​။
139အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့်
အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။
140ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အလွန်​ခိုင်လုံ​မှန်ကန်​သည်​ဖြစ်၍
ကိုယ်တော်​၏​အစေအပါး​သည် ၎င်း​ကို​မြတ်နိုး​ပါ​၏​။
141အကျွန်ုပ်​သည် ငယ်ရွယ်​သော​သူ​ဖြစ်​ပါ​၏​။ မထီမဲ့မြင်ပြု​ခြင်း​ကို​လည်း​ခံရ​ပါ​၏​။
သို့သော် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​မေ့လျော့​ပါ​။
142ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။
ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။
143ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း
ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။
144ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။
အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။
မျှော်လင့်ကိုးစားခြင်း
145အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။
146အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​ပါ​မည်​။
147အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။
148အကျွန်ုပ်​သည် ကိုယ်တော်​၏​ကတိ​တော်​ကို ဆင်ခြင်အောက်မေ့​ရန်
ညဥ့်ယံ​တို့​၌ နိုး​လျက်​နေ​ပါ​၏​။
149ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။
150ဆိုးညစ်​သော​အမှု​၌​ကျင်လည်​သော​သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပါ​၏​။
သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့် ဝေးကွာ​ကြ​ပါ​၏​။
151အို ထာဝရဘုရား​၊ ကိုယ်တော်​သည် နီး​တော်မူ​၏​။
ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည်​လည်း မှန်ကန်​ပါ​၏​။
152ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို အစဉ်အမြဲ​တည်​စေ​တော်မူ​ကြောင်း
ထို​သက်သေခံချက်​တို့​အားဖြင့် ရှေးယခင်​ကပင် အကျွန်ုပ်​သိ​ခဲ့​ပါ​၏​။
အသက်ရှင်ခြင်း
153အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။
အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။
154အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​ပါ​။
ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
155ဆိုးယုတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​ရှာမှီး​ကြ​သောကြောင့်
ကယ်တင်​ခြင်း​သည် သူ​တို့​နှင့်​ဝေး​ပါ​၏​။
156အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
157အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။
သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။
158အကျွန်ုပ်​သည် သစ္စာမဲ့​သော​သူ​တို့​ကို​မြင်​သောအခါ စက်ဆုပ်​ပါ​၏​။
အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​ပါ​။
159အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မည်မျှ​မြတ်နိုး​ကြောင်း ကြည့်ရှု​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။
160ကိုယ်တော်​၏​နှုတ်ကပတ်တော်​ရှိသမျှ​တို့​သည် မှန်ကန်​ပါ​၏​။
ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက် ရှိသမျှ​တို့​သည်​လည်း အစဉ်အမြဲ​တည်​ပါ​၏​။
မြတ်နိုးခြင်း
161အကြီးအကဲ​တို့​သည် အကျွန်ုပ်​ကို​အကြောင်းမဲ့ လိုက်လံညှဉ်းဆဲ​ကြ​ပါ​၏​။
သို့သော် အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ကြောက်ရွံ့​ပါ​၏​။
162အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့
ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။
163အကျွန်ုပ်​သည် မုသား​ကို​မုန်းတီး​၍ စက်ဆုပ်ရွံရှာ​ပါ​၏​။
ကိုယ်တော်​၏​တရားတော်​ကို​ကား မြတ်နိုး​ပါ​၏​။
164အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​များ​အတွက်
ကိုယ်တော်​ကို တစ်ရက်​လျှင်​ခုနစ်​ကြိမ်​ချီးမွမ်း​ပါ​၏​။
165ကိုယ်တော်​၏​တရား​ကို​မြတ်နိုး​သော​သူ​တို့​၌ ကြီးစွာ​သော​ငြိမ်သက်​ခြင်း​ရှိ​ပါ​၏​။
မည်သည့်​အရာ​မျှ သူ​တို့​အတွက် ခလုတ်တံသင်း​ဖြစ်​မည်​မ​ဟုတ်​ပါ​။
166အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​၍
ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာ​ပါ​၏​။
167အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။
၎င်း​တို့​ကို အကျွန်ုပ်​အလွန်​မြတ်နိုး​ပါ​၏​။
168အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​နှင့် သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။
အကြောင်းမူကား အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ကိုယ်တော့်​ရှေ့​၌​ရှိ​ကြ​ပါ​၏​။
အသနားခံခြင်း
169အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​သည် ရှေ့​တော်​သို့​ရောက်​ပါစေသော​။
ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။
170အကျွန်ုပ်​၏​အသနားခံချက်​သည် ရှေ့​တော်​သို့ ရောက်​ပါစေသော​။
ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
171ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍
အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။
172ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍
အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို တေးဖွဲ့​သီဆို​ပါ​မည်​။
173အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍
ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။
174အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​စွဲလမ်း​တောင့်တ​ပါ​၏​။
ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ပါ​၏​။
175အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အသက်ရှင်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ပါစေသော​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း အကျွန်ုပ်​ကို​ကူညီမစ​ကြ​ပါစေသော​။
176အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 119: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ