ဆာလံကျမ်း 20
20
အောင်ပွဲရရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။
ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
2ကိုယ်တော်သည် သင့်အတွက်ကူညီမစမှုကို သန့်ရှင်းရာဌာနတော်ထဲမှစေလွှတ်၍
သင့်ကို ဇိအုန်မှ ဖေးမတော်မူပါစေသော။
3သင်၏ပူဇော်သက္ကာအားလုံးကိုအောက်မေ့၍
သင်၏မီးရှို့ရာယဇ်ကို လက်ခံတော်မူပါစေသော။(စေလာ#20:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍
သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
5ငါတို့သည် သင်၏အောင်မြင်ခြင်းကြောင့် ရွှင်လန်းစွာကြွေးကြော်၍
ငါတို့ဘုရားသခင်၏နာမတော်၌ အောင်လံကိုစိုက်ထူကြမည်။
ထာဝရဘုရားသည် သင်တောင်းလျှောက်သမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
6ထာဝရဘုရားသည် မိမိဘိသိက်ပေးထားသောသူကို ကယ်တင်တော်မူကြောင်း ယခုငါသိ၏။
ကိုယ်တော်သည် သူ့အား လက်ယာလက်တော်၏အစွမ်းတန်ခိုးတော်များဖြင့် ကယ်တင်တော်မူ၏။
မိမိ၏သန့်ရှင်းသောကောင်းကင်ဘုံမှ သူ့ကိုထူးတော်မူ၏။
7အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
8သူတို့သည် ခွေယိုင်လဲကျသွားကြ၏။
ငါတို့မူကား ထ၍ခိုင်မြဲစွာရပ်နေကြ၏။
9အို ထာဝရဘုရား၊ ဘုရင်မင်းကြီးကို ကယ်တင်တော်မူပါ။
အကျွန်ုပ်တို့ခေါ်သောအခါ အကျွန်ုပ်တို့ကိုထူးတော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative