ဆာလံကျမ်း 33
33
ဖန်ဆင်းရှင်ထာဝရဘုရားကို ချီးမွမ်းခြင်း
1ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားထံသို့ ရွှင်လန်းစွာကြွေးကြော်ကြလော့။
ချီးမွမ်းခြင်းသည် ဖြောင့်မှန်သောသူတို့နှင့် သင့်လျော်ပေ၏။
2စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။
ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
3ကိုယ်တော်ထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။
ဝမ်းမြောက်စွာကြွေးကြော်သောအသံနှင့်တကွ ကျွမ်းကျင်စွာတီးခတ်ကြလော့။
4အကြောင်းမူကား ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မှန်၏။
ကိုယ်တော်ပြုတော်မူသောအမှုရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြ၏။
5ကိုယ်တော်သည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းတို့ကို နှစ်သက်တော်မူ၏။
ကမ္ဘာမြေကြီးသည် ထာဝရဘုရား၏ မေတ္တာကရုဏာတော်နှင့်ပြည့်ဝလျက်ရှိ၏။
6ကောင်းကင်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊
ကောင်းကင်တန်ဆာရှိသမျှတို့သည် နှုတ်တော်မှထွက်သက်လေအားဖြင့်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။
7ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍
နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
8မြေကြီးသားအပေါင်းတို့သည် ထာဝရဘုရားကိုကြောက်ရွံ့ပါစေ။
ကမ္ဘာလောက၌နေထိုင်သောသူအပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေ။
9အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။
ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
10ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍
လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
11ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍
ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
12ထာဝရဘုရားကို မိမိဘုရားအဖြစ်ကိုးကွယ်သောတိုင်းနိုင်ငံနှင့်
ကိုယ်တော်၏အမွေခံအဖြစ် ကိုယ်တော်ရွေးချယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
13ထာဝရဘုရားသည် ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍
လူသားအပေါင်းတို့ကို မြင်တော်မူ၏။
14ကိုယ်တော်သည် ကမ္ဘာမြေပေါ် နေထိုင်သောသူအပေါင်းတို့ကို
မိမိစံပယ်ရာအရပ်မှ ကြည့်ရှုတော်မူ၏။
15သူတို့အားလုံး၏စိတ်နှလုံးကို ပုံဖော်ဖန်ဆင်း၍
သူတို့ပြုသောအမှုအားလုံးတို့ကို သိရှိနားလည်တော်မူ၏။
16ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။
စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
17မြင်းသည် အောင်ပွဲအတွက် အချည်းနှီးသောမျှော်လင့်ချက်ဖြစ်၏။
၎င်း၏ကြီးမားသောခွန်အားကလည်း မကယ်ယူနိုင်။
18ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်
မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
19ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို
သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌
သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။
20ငါတို့၏စိတ်ဝိညာဉ်သည် ထာဝရဘုရားကိုစောင့်မျှော်၏။
ကိုယ်တော်သည် ငါတို့ကိုကူညီမစသောအရှင်၊ ငါတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
21အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ယုံကြည်ကိုးစားကြသောကြောင့်
ငါတို့၏စိတ်နှလုံးသည် ကိုယ်တော်၌ဝမ်းမြောက်ခြင်းရှိ၏။
22အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမျှော်လင့်ကိုးစားကြသည်နှင့်အညီ
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်တို့အပေါ်သက်ရောက်ပါစေသော။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative