ဆာလံကျမ်း 52
52
မကောင်းမှု၌ဂုဏ်ယူဝါကြွားသူအား ဘုရားသခင်စီရင်ခြင်း
ဂီတမှူးအတွက်၊ ဧဒုံအမျိုးသားဒေါဂက “ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်နေသည်”ဟု ရှောလုထံသို့သွား၍ ကြားလျှောက်သောအခါ ဒါဝိဒ်စပ်ဆိုသောအလိမ္မာသီချင်း
1အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။
ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
2အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့
ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
3သင်သည် ကောင်းမှုထက် မကောင်းမှုကိုလည်းကောင်း၊
ဖြောင့်မတ်စွာပြောဆိုခြင်းထက် မုသားပြောဆိုခြင်းကိုလည်းကောင်း နှစ်သက်၏။(စေလာ#52:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4အို လိမ်လည်လှည့်ဖြားသောလျှာ၊
သင်သည် ထိခိုက်နစ်နာစေသောစကားရှိသမျှတို့ကို နှစ်သက်၏။
5အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။
ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။
အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ#52:5 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
6ထိုအခါ ဖြောင့်မတ်သောသူတို့သည်မြင်၍
ကြောက်ရွံ့ကြလိမ့်မည်။ သူတို့က
7“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။
သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
8သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။
ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။
9အကျွန်ုပ်သည် ကိုယ်တော်ပြုသောအမှုအတွက် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
နာမတော်ကိုလည်း စောင့်မျှော်လျက်နေပါမည်။
အကြောင်းမူကား ထိုအမှုသည် ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့တွင် ကောင်းမြတ်ပေ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 52: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative