ဆာလံကျမ်း 63
63
အလိုပြည့်စုံစေနိုင်သောဘုရားသခင်ကို ချီးမွမ်းခြင်း
ဒါဝိဒ်သည် ယုဒတောကန္တာရ၌ရှိစဉ် စပ်ဆိုသောဆာလံ
1အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။
ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။
အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။
2သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အစွမ်းသတ္တိနှင့်
ကိုယ်တော်၏ဘုန်းအသရေတို့ကိုတွေ့မြင်ရရန်
ကိုယ်တော်ကို သန့်ရှင်းရာဌာနတော်၌ဖူးမြော်ခဲ့ပါ၏။
3ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အသက်ထက်သာ၍ကောင်းမြတ်သောကြောင့်
အကျွန်ုပ်၏နှုတ်ခမ်းသည် ကိုယ်တော်ကိုထောမနာပြုပါမည်။
4သို့ဖြစ်၍ အကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုကောင်းချီးထောမနာပြုပါမည်။
ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်၏လက်ကို မြှောက်ပါမည်။
5အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။
ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။
6အကျွန်ုပ်သည် မိမိ၏အိပ်ရာပေါ်တွင် ကိုယ်တော်ကိုသတိရသောအခါ
ညဥ့်ယံတို့၌ ကိုယ်တော်အကြောင်းကို ဆင်ခြင်အောက်မေ့ပါ၏။
7ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်တော်မူသောကြောင့်
အကျွန်ုပ်သည် ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ ရွှင်လန်းစွာသီချင်းဆိုပါမည်။
8အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဖက်တွယ်ထားပါ၏။
ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုထောက်မတော်မူ၏။
9အကျွန်ုပ်၏အသက်ကိုပျက်စီးဆုံးပါးစေရန် ရှာကြံသောသူတို့သည်
မြေကြီး၏နက်သောအရပ်သို့ ရောက်သွားကြလိမ့်မည်။
10သူတို့သည် ဓားသွားအောက်ကျရောက်၍
တောခွေးတို့၏အစာဖြစ်ကြရလိမ့်မည်။
11သို့သော် ရှင်ဘုရင်သည် ဘုရားသခင်၌ဝမ်းမြောက်လိမ့်မည်။
ကိုယ်တော်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ချီးမွမ်းကြလိမ့်မည်။
မုသားပြောဆိုသောသူတို့၏နှုတ်မူကား အပိတ်ခံရလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 63: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative