ဆာလံကျမ်း 65
65
ကမ္ဘာမြေကြီးကို ဘုရားသခင် ဂရုစိုက်တော်မူခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံသီချင်း
1အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။
ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။
2ဆုတောင်းချက်ကိုနားညောင်းတော်မူသောအရှင်၊
လူအပေါင်းတို့သည် ကိုယ်တော့်ထံသို့ လာကြပါလိမ့်မည်။
3ဒုစရိုက်များသည် အကျွန်ုပ်ကိုလွှမ်းမိုးသောအခါ
ကိုယ်တော်သည် အကျွန်ုပ်တို့ကျူးလွန်သော အပြစ်များကို ဖြေလွှတ်တော်မူ၏။
4ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍
အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော
ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
5အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊
ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
6ကိုယ်တော်သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုးတော်နှင့်ပတ်စည်းလျက်
တောင်များကို မိမိ၏တန်ခိုးတော်ဖြင့် တည်စေတော်မူ၏။
7ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့်
တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
8သို့ဖြစ်၍ အဝေးဆုံးသောအရပ်တို့၌ နေထိုင်သောသူတို့သည်
ကိုယ်တော်၏နိမိတ်လက္ခဏာများကြောင့် ကြောက်ရွံ့ကြပါ၏။
ကိုယ်တော်သည် နံနက်မိုးသောက်ချိန်၊ နေဝင်ချိန်တို့၌
ရွှင်လန်းစွာသီချင်းသီဆိုသံကို ထွက်ပေါ်စေတော်မူပါ၏။
9ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုကြွလာတော်မူ၍
၎င်းအပေါ် ရေကိုသွန်းဖြိုးစေလျက် အလွန်ကြွယ်ဝစေတော်မူ၏။
ဘုရားသခင်၏မြစ်သည် ရေနှင့်ပြည့်လျက်ရှိ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ထိုသို့ပြင်ဆင်၍ လူတို့အား
ကောက်ပဲသီးနှံများကိုပေးတော်မူ၏။
10ကိုယ်တော်သည် ထိုမြေပေါ်မှထွန်ကြောင်းတို့ကို စိုစွတ်စေ၍ ထယ်စာတို့ကို ညီညာစေတော်မူ၏။
ရွာသွန်းသောမိုးအားဖြင့် ထိုမြေကိုပျော့ပျောင်းစေ၍ ၎င်း၌ပေါက်သောအပင်ကို ကောင်းချီးပေးတော်မူ၏။
11ကိုယ်တော်သည် တစ်နှစ်တာကာလကို မိမိ၏ကောင်းမြတ်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။
ကိုယ်တော်၏လမ်းတော်တို့သည်လည်း ကြွယ်ဝခြင်းနှင့်ပြည့်လျှံလျက်ရှိပါ၏။
12တောကန္တာရမှကျက်စားရာအရပ်တို့သည် ပြည့်လျှံလျက်ရှိ၍
တောင်ကုန်းများသည် ရွှင်လန်းခြင်းဖြင့် လွှမ်းခြုံလျက်ရှိကြပါ၏။
13မြက်ခင်းပြင်တို့သည် သိုးအုပ်နှင့်ပြည့်စုံလျက် ချိုင့်ဝှမ်းတို့သည် ဂျုံစပါးနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။
၎င်းတို့သည် ဝမ်းမြောက်စွာကြွေးကြော်၍ သီချင်းဆိုကြပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 65: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative