ဆာလံကျမ်း 85
85
ပြန်လည်ရှင်သန်စေရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ကောရသားတို့၏ဆာလံ
1အို ထာဝရဘုရား၊ ကိုယ်တော်သည် မိမိပြည်တော်ကို နှစ်သက်တော်မူ၍
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ယာကုပ်အမျိုးကို ပြန်လာစေတော်မူပြီ#85:1 သို့မဟုတ် “ယာကုပ်အမျိုးကို ပြန်လည်ကောင်းစားစေတော်မူပြီ”။။
2ကိုယ်တော်သည် မိမိလူမျိုးတော်၏ဒုစရိုက်ကို ခွင့်လွှတ်၍
သူတို့၏အပြစ်ရှိသမျှတို့ကို ဖုံးအုပ်တော်မူပြီ။(စေလာ#85:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3မိမိ၏ဒေါသကို အကုန်အစင်ရုပ်သိမ်း၍
မိမိ၏ပြင်းထန်သောအမျက်တော်ကို ပြေငြိမ်းစေတော်မူပြီ။
4အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊
အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
5အကျွန်ုပ်တို့အပေါ် အစဉ်အမြဲအမျက်ထွက်တော်မူမည်လော။
ကိုယ်တော်၏အမျက်တော်ကို မျိုးဆက်အစဉ်အဆက် ကြာရှည်စေတော်မူမည်လော။
6ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း
အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
7အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်ကို အကျွန်ုပ်တို့အားပြ၍
ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်တို့အား ပေးသနားတော်မူပါ။
8ငါသည် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောအရာကို နားထောင်မည်။
အကြောင်းမူကား ကိုယ်တော်သည် မိမိ၏လူမျိုးတော်တည်းဟူသော
မိမိ၏သန့်ရှင်းသူတို့အား ငြိမ်းချမ်းရေးစကားကို မြွက်ဆိုတော်မူလိမ့်မည်။
သို့သော် သူတို့သည် မိုက်မဲခြင်းဘက်သို့ ပြန်မလှည့်ကြပါစေနှင့်။
9ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည်
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
10မေတ္တာကရုဏာနှင့် သမ္မာတရားသည် တွေ့ဆုံကြပြီ။
ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အချင်းချင်းနမ်းကြပြီ။
11သမ္မာတရားသည် မြေကြီးထဲမှ ပေါက်လာလိမ့်မည်။
ဖြောင့်မတ်ခြင်းသည်လည်း ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိမ့်မည်။
12အကယ်စင်စစ် ထာဝရဘုရားသည် ကောင်းမြတ်သောအရာကို ပေးသနားတော်မူ၍
ငါတို့၏ပြည်သည်လည်း ၎င်း၏အသီးအနှံတို့ကိုပေးလိမ့်မည်။
13ဖြောင့်မတ်ခြင်းသည် ကိုယ်တော်၏ရှေ့မှသွား၍
ကိုယ်တော်၏ခြေလှမ်းများအတွက် လမ်းကိုပြင်ဆင်ပေးလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 85: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative