ဆာလံကျမ်း 88
88
ဘေးဒုက္ခထဲမှာ အော်ဟစ်ခြင်း
ကောရသားတို့၏ဆာလံသီချင်း၊ ဂီတမှူးအတွက်၊ “မာဟလတ် လေအနွတ်” သံစဉ်၊ ဧဇရဟိတ်အမျိုး၊ ဟေမန်၏အလိမ္မာသီချင်း
1အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊
အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
2အကျွန်ုပ်၏ဆုတောင်းသံသည် ကိုယ်တော်၏ရှေ့တော်သို့ရောက်ပါစေသော။
အကျွန်ုပ်၏ဟစ်ကြော်သံကို ဂရုစိုက်နားထောင်တော်မူပါ။
3အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ဘေးအန္တရာယ်နှင့်ပြည့်လျက်ရှိပါ၏။
အကျွန်ုပ်၏အသက်သည်လည်း မရဏာနိုင်ငံနှင့်ကပ်နေပါပြီ။
4အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့တွင် ရေတွက်ခြင်းခံရပြီး
အားမရှိသောသူကဲ့သို့ဖြစ်ပါ၏။
5သတ်ဖြတ်ခြင်းခံရပြီး သင်္ချိုင်းတွင်း၌ လဲလျောင်းနေကြသူများတည်းဟူသော
နောက်တစ်ဖန် ကိုယ်တော်၏အောက်မေ့ခြင်းကို မခံရဘဲ
လက်တော်၏မစခြင်းမှ အဆက်ပြတ်နေသောသူများကဲ့သို့
သေသောသူတို့အလယ်တွင် ပစ်ထားခြင်းခံရပါ၏။
6ကိုယ်တော်သည် အကျွန်ုပ်ကို အမှောင်ဆုံး၊ အနက်ဆုံး
တွင်းနက်ထဲ၌ ချထားတော်မူပြီ။
7ကိုယ်တော်၏အမျက်ဒေါသသည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။
ကိုယ်တော်၏လှိုင်းလုံးရှိသမျှတို့သည်လည်း အကျွန်ုပ်ကို ဖုံးလွှမ်းလျက်ရှိပါ၏။(စေလာ#88:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။
အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။
အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
9ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက်
ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
10ကိုယ်တော်သည် သေလွန်သောသူတို့အတွက် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပါသလော။
သေသူ၏ဝိညာဉ်များသည် ထ၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါသလော။(စေလာ#88:10 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
11ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊
ကိုယ်တော်၏သစ္စာတော်ကို ပျက်စီး#88:11 ဟီဘရူးဘာသာစကားအားဖြင့် “အဗဒ္ဒုန်”။ခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
12ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို အမှောင်ထဲ၌လည်းကောင်း၊
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မေ့လျော့ရာပြည်၌လည်းကောင်း သိမှတ်ကြပါသလော။
13အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။
နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
14အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုစွန့်ပယ်၍
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။
15အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။
ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
16ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍
ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
17၎င်းတို့သည် ရေကဲ့သို့ အကျွန်ုပ်ကို တစ်နေ့လုံးဝိုင်းထား၍
အဘက်ဘက်မှ အကျွန်ုပ်ကို ဝန်းရံကြပါ၏။
18ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။
အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 88: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative