ဆာလံကျမ်း 97
97
ကြီးမြတ်တော်မူသောဘုရင်
1ထာဝရဘုရားသည် စိုးစံတော်မူ၏။ ကမ္ဘာမြေကြီးသည် ရွှင်လန်းပါစေ။
များစွာသောကမ်းရိုးတန်းနိုင်ငံတို့သည် ဝမ်းမြောက်ကြပါစေ။
2မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
3မီးသည် ကိုယ်တော်၏ရှေ့မှသွား၍
ကိုယ်တော်၏ရန်သူတို့ကို လှည့်ပတ်လောင်ကျွမ်း၏။
4ကိုယ်တော်၏လျှပ်စီးတို့သည် ကမ္ဘာလောကကို လင်းလက်စေ၏။
ကမ္ဘာမြေကြီးသည်လည်း မြင်၍တုန်လှုပ်၏။
5ထာဝရဘုရား၏ရှေ့တော်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအစိုးရသော
အရှင်၏ရှေ့တော်၌ တောင်များသည် ဖယောင်းကဲ့သို့ အရည်ပျော်ကြ၏။
6ကောင်းကင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ပြောကြား၍
လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ဘုန်းအသရေတော်ကို မြင်ရကြ၏။
7ထုလုပ်ထားသောအရုပ်ကိုဝတ်ပြုသောသူ၊ ရုပ်တုများ၌
ဂုဏ်ယူဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲကြရပါစေ။
ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။#ဟေဗြဲ 1:6။
8အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကြောင့်
ဇိအုန်သည် ကြား၍ ဝမ်းမြောက်ပါ၏။
ယုဒပြည်၏သမီးတို့သည်လည်း ရွှင်လန်းကြပါ၏။
9အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာမြေတစ်ခွင်လုံးတွင်
အမြင့်ဆုံးသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက်
အလွန်ချီးမြှောက်ခြင်းခံရတော်မူ၏။
10ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။
အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို
စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
11အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည်
စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
12ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ကြလော့။
ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 97: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative