ဆာလံကျမ်း 99
99
သန့်ရှင်းသောဘုရင်
1ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြပါစေ။
ကိုယ်တော်သည် ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူ၏။
မြေကြီးသည် လှုပ်ခါပါစေ။
2ထာဝရဘုရားသည် ဇိအုန်၌ကြီးမြတ်တော်မူ၏။
ကိုယ်တော်သည် လူမျိုးအပေါင်းတို့အထက်၌ ချီးမြှောက်ခြင်းရှိတော်မူ၏။
3ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော ကိုယ်တော်၏နာမတော်ကို သူတို့ချီးမွမ်းကြပါစေ။
ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
4တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။
ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။
ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
5ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။
ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။
ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
6ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍
ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။
သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
7ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုင်ထဲမှ မြွက်ဆိုတော်မူ၏။
သူတို့သည် ကိုယ်တော်၏ သက်သေခံချက်များကိုလည်းကောင်း၊
သူတို့အား ကိုယ်တော်ပေးတော်မူသော ပြဋ္ဌာန်းချက်ကိုလည်းကောင်း စောင့်ထိန်းကြ၏။
8အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ကိုယ်တော်သည် သူတို့ပြုသောမကောင်းမှုများအတွက် အပြစ်ပေးသော်လည်း
သူတို့ကို ခွင့်လွှတ်သော ဘုရားသခင်ဖြစ်တော်မူ၏။
9ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။
ကိုယ်တော်၏သန့်ရှင်းသောတောင်တော်၌ ရှိခိုးကိုးကွယ်ကြလော့။
အကြောင်းမူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 99: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative