ဗျာဒိတ်ကျမ်း 17
17
နီမြန်းသောသားရဲပေါ်၌ထိုင်နေသော မိန်းမ
1ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။ 2ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”#ယေ 51:7။ဟု မြွက်ဆိုပြီးလျှင် 3ငါ့ကို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေ၏။ ထိုအခါ ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိ၍ ဘုရားသခင်ကိုစော်ကားသော အမည်နာမများဖြင့်ပြည့်နေသည့် နီမြန်းသောသားရဲပေါ်၌ ထိုင်နေသောမိန်းမတစ်ယောက်ကို ငါမြင်ရ၏။ 4ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။ 5သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။ 6ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
သားရဲနှင့် သားရဲပေါ်၌ထိုင်နေသောမိန်းမ၏အဓိပ္ပာယ်
7ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။ 8သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။
9ဤနေရာတွင် ဉာဏ်ပညာပါသောအသိစိတ်ရှိရန်လိုအပ်၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေသောတောင်ခုနစ်လုံးဖြစ်ပြီး 10ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။ 11ယခင်ရှိခဲ့ပြီး ယခုမရှိသောသားရဲသည် အဋ္ဌမဘုရင်ဖြစ်၏။ သူသည် ထိုခုနစ်ပါးထဲမှ တစ်ပါးလည်းဖြစ်ပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ 12သင်မြင်ရသောဦးချိုဆယ်ချောင်းကား တိုင်းနိုင်ငံကိုမရသေးသော ဘုရင်ဆယ်ပါးဖြစ်ကြ၏။#ဒံ 7:24။ သို့သော် သူတို့သည် သားရဲနှင့်အတူ မင်းအာဏာစက်ကို တိုတောင်းသောအချိန်တစ်ခုအတွင်း ရရှိကြလိမ့်မည်။ 13ထိုဘုရင်တို့သည် တစ်စိတ်တစ်သဘောတည်းရှိ၍ မိမိတို့၏တန်ခိုးနှင့်အခွင့်အာဏာတို့ကို သားရဲအားပေးအပ်ကြလိမ့်မည်။ 14သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
15ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။ 16သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။ 17အကြောင်းမူကား ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်များပြည့်စုံခြင်းသို့ရောက်သည်အထိ သူတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် မိမိတို့၏နိုင်ငံများကို သားရဲထံပေးအပ်ခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဆောင်ရွက်မည့်သဘောကို သူတို့၏စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူ၏။ 18သင်မြင်ရသောမိန်းမသည် ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကို အုပ်စိုးသောမြို့ကြီးဖြစ်၏”ဟု ငါ့အားဆို၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ်ကျမ်း 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative