YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 22

22
အသက်ရေစီးရာမြစ်
1ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍ 2မြို့​၏​လမ်းမ​အလယ်​တစ်လျှောက် စီးဆင်း​နေ​၏။ မြစ်​၏​တစ်ဖက်တစ်ချက်စီ​၌​ကား အသီး​တစ်ဆယ့်နှစ်​မျိုး​သီး​၍ မိမိ​အသီး​ကို လစဉ်​ပေး​တတ်​သည့်​အသက်​ပင်​ရှိ​၏။ ထို​အပင်​မှ အရွက်​များ​သည်​လည်း လူမျိုး​တကာ​တို့​၏​ကျန်းမာ​ခြင်း​အတွက်​ဖြစ်​၏။#ဗျာ 2:7၊ က 2:9၊ 3:22၊ ယေဇ 47:12။ 3ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခုမျှ ရှိ​တော့မည်​မ​ဟုတ်။#ဇာ 14:11။ ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​သည် ထို​မြို့​တွင်​ရှိ​၍ ကိုယ်တော်​၏​အစေအပါး​တို့​သည် ကိုယ်တော်​ကို​ဝတ်ပြု​ကြ​လိမ့်မည်။ 4သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​ကို​ဖူးမြင်​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​၏​နာမ​တော်​သည်​လည်း သူ​တို့​၏​နဖူး​ပေါ်၌​ရှိ​လိမ့်မည်။ 5ည​သည် ရှိ​တော့မည်​မ​ဟုတ်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ​တို့​အပေါ်​ထွန်းလင်း​တော်မူ​သည်​ဖြစ်၍ ဆီမီး​၏​အလင်း​နှင့်​နေ​၏​အလင်း​တို့ မ​လိုအပ်​တော့​ပေ။ သူ​တို့​သည် ကမ္ဘာ​အဆက်ဆက်​စိုးစံ​ကြ​လိမ့်မည်။
အချိန်နီးကပ်လာပြီ
6ထို့နောက် ကောင်းကင်​တမန်​က “ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏။ ပရောဖက်​တို့​၏​ဝိညာဉ်​များ​ကို​ပိုင်သ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​အစေအပါး​တို့​အား​ပြသ​ရန် မိမိ​၏​ကောင်းကင်​တမန်​ကို စေလွှတ်​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။
7 “ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏။”
8ငါ​ယောဟန်​သည် ဤ​အကြောင်းအရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သောအခါ ၎င်း​တို့​ကို ငါ့​အား​ပြသ​သော ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ပျပ်ဝပ်​လေ​သော် 9သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ သင့်​ညီအစ်ကို​များ​ဖြစ်​ကြ​သည့် ပရောဖက်​များ​နှင့် ဤ​စာစောင်​၌​ပါ​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​များ​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့”​ဟု ဆို​၏။ 10တစ်ဖန် သူ​က “ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ချိပ်ပိတ်​မ​ထား​နှင့်။ အကြောင်းမူကား အချိန်​နီးကပ်​လာ​လေ​ပြီ။ 11မတရား​သဖြင့်​ပြု​သော​သူ​သည် ဆက်၍​မတရား​သဖြင့်​ပြု​ပါစေ။ ညစ်ညူး​သော​သူ​သည် ဆက်၍​ညစ်ညူး​လျက်​နေ​ပါစေ။ ဖြောင့်မတ်​သော​သူ​သည် ဆက်၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​ပါစေ။ သန့်ရှင်း​သော​သူ​သည် ဆက်၍​သန့်ရှင်း​ခြင်း​ရှိ​ပါစေ”​ဟု ငါ့​အား​ဆို​၏။
12 “ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ငါ​ပေး​မည့်​အကျိုး​အပြစ်​ကို​ယူဆောင်​လာ​၍ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​အတိုင်း ငါ​ပေးဆပ်​မည်။ # ဆာ 28:4၊ ဟေရှာ 40:10၊ 62:11၊ ယေ 17:10။ 13ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။
14 မိမိ​တို့​၏​ဝတ်လုံ​များ​ကို​လျှော်ဖွပ်​၍ အသက်​ပင်​နှင့်​သက်ဆိုင်​ရ​သော​အခွင့်​ကို​ရရှိ​ကာ တံခါး​များ​မှ မြို့​ထဲသို့​ဝင်​ခွင့်​ကို​ရရှိ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 15အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။
16 ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”
17ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။#ဗျာ 21:6၊ ဟေရှာ 55:1။
18ဤ​စာစောင်​၌​ပါ​သည့် ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ကြား​ရ​သူ​တိုင်း​အား ငါ​သက်သေခံ​သည်​ကား မည်သူမဆို ၎င်း​တို့​အပေါ် ထပ်မံ​ဖြည့်စွက်​လျှင် ဘုရားသခင်​သည် ဤ​စာစောင်​၌​ရေး​ထား​သော​ဘေးဒဏ်​များ​ကို ထို​သူ​အပေါ်၌ သက်ရောက်​စေ​တော်မူ​လိမ့်မည်။ 19မည်သူမဆို ဤ​ပရောဖက်ပြု​ဟောပြော​သော​စာစောင်​ထဲမှ စကားလုံး​များ​ကို​နုတ်ပယ်​လျှင် ဤ​စာစောင်​၌​ရေး​ထား​သော​အသက်​ပင်​မှ​လည်းကောင်း၊ သန့်ရှင်း​သော​မြို့​တော်​မှ​လည်းကောင်း ထို​သူ​ရ​မည့်​ဝေစု​ကို ဘုရားသခင်​သည်​နုတ်ပယ်​တော်မူ​လိမ့်မည်။#တရား 4:2၊ 12:32။ 20ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​သော​အရှင်​က“မှန်​ပေ​၏။ ငါ​သည်​အလျင်အမြန်​လာ​မည်”​ဟု မိန့်​တော်မူ​၏။ အာမင်။ သခင်​ယေရှု၊ ကြွလာ​တော်မူ​ပါ။ 21သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ