YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 9

9
ပဉ္စမတံပိုးခရာ
1ပဉ္စမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​မှ​မြေကြီး​ပေါ်သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​၏​သော့​ကို ပေးအပ်​ထား​၏။ 2သူ​သည် ထို​အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သောအခါ မီးဖို​ကြီး​၏​မီးခိုး​ကဲ့သို့သော​မီးခိုး​များ​သည် ထို​တွင်း​ထဲမှ​တက်​လာ​ပြီး ထို​တွင်း​၏​မီးခိုး​များ​ကြောင့် နေ​နှင့်​အာကာသ​သည် မှောင်မိုက်​သွား​လေ​၏။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:10,31၊ 3:15။ 3ထို့နောက် ထို​မီးခိုး​ထဲမှ ကျိုင်းကောင်​များ​သည် မြေကြီး​ပေါ်သို့​ထွက်လာ​ကြ​၏။ သူ​တို့​အား မြေကြီး​၏​ကင်းမြီးကောက်​တို့​၌​ရှိ​သည့် အစွမ်း​ကဲ့သို့သော​အစွမ်း​ကို ပေးအပ်​ထား​၏။ 4မြေကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်သည့်​စိမ်းလန်း​သော​အရာ​၊ သို့မဟုတ် မည်သည့်​သစ်ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ နဖူး​ပေါ်တွင် ဘုရားသခင်​၏​တံဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေးသင့်​စေရန် သူ​တို့​အား​မှာထား​၏။ 5ထို့ပြင် လူ​တို့​ကို​အသေ​မ​သတ်​ဘဲ ငါး​လ​ပတ်လုံး​ညှဉ်းဆဲ​သော​အခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံရ​သည့်​ဝေဒနာ​သည် လူ​ကို ကင်းမြီးကောက်​ထိုး​သောအခါ ခံရ​သည့်​ဝေဒနာ​မျိုး​နှင့်​တူ​၏။ 6ထို​နေ့ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်မည်။ သို့သော် တွေ့​ကြ​မည်​မ​ဟုတ်။ အလွန်​သေ​ချင်​သော်လည်း သေ​ခြင်း​သည် သူ​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။#ယောဘ 3:21။
7ထို​ကျိုင်းကောင်​တို့​၏​သဏ္ဌာန်​သည် စစ်ပွဲ​အတွက်​ပြင်ဆင်​ထား​သော စစ်​မြင်း​နှင့်​တူ​၏။ သူ​တို့​၏​ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကဲ့သို့သော​အရာ​ရှိ​၍ သူ​တို့​၏​မျက်နှာ​သည် လူ​မျက်နှာ​နှင့်​တူ​၏။ 8သူ​တို့​၌ မိန်းမ​ဆံပင်​နှင့်​တူ​သော​ဆံပင်​ရှိ​၍ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​ကဲ့သို့​ဖြစ်​၏။ 9သူ​တို့​၌ သံ​ရင်အုပ်​တန်ဆာ​နှင့်​တူ​သော ရင်အုပ်​တန်ဆာ​ရှိ​၍ သူ​တို့​၏​တောင်ပံ​ခတ်​သံ​သည် စစ်ပွဲ​သို့​ပြေး​သွား​သည့် များစွာ​သော​မြင်း​ရထား​တို့​၏​အသံ​နှင့်​တူ​၏။ 10သူ​တို့​တွင် ကင်းမြီးကောက်​ကဲ့သို့ ဆူး​ပါ​သော​အမြီး​ရှိ​၍ ထို​အမြီး​၌ လူ​တို့​ကို ငါး​လ​တိုင်တိုင်​ဘေးသင့်​စေ​နိုင်​သော​အစွမ်း​ရှိ​၏။ 11သူ​တို့​၏​ဘုရင်​ကား အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​စေတမန်​ဖြစ်​၏။ ထို​သူ​၏​အမည်​မှာ ဟေဗြဲ​ဘာသာစကား​အားဖြင့် အဗဒ္ဒုန်​ဟူ၍​ဖြစ်ပြီး ဂရိ​ဘာသာစကား​အားဖြင့် အပေါလျုန်​ဟူ၍​ဖြစ်​၏။
12ပထမ​အမင်္ဂလာ​သည် လွန်သွား​လေ​ပြီ။ ဤ​အရာ​များ​၏​နောက်တွင် အမင်္ဂလာ​နှစ်​မျိုး​လာ​ဦး​မည်။
ဆဋ္ဌမတံပိုးခရာ
13ဆဋ္ဌမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ဘုရားသခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်ပလ္လင်​၏​ဦးချို​လေး​ချောင်း​ထံမှ ထွက်လာ​သော​အသံ​က 14ထို​တံပိုးခရာ​ရှိ​သော​ဆဋ္ဌမ​ကောင်းကင်​တမန်​အား “ကြီးမား​သော​ယူဖရေးတီး​မြစ်​နား​မှာ ချည်နှောင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​ကို ဖြေလွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ 15ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။ 16မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။
17ဗျာဒိတ်​ရူပါရုံ​၌ ငါ​မြင်​ရ​သော မြင်း​တို့​နှင့်​မြင်း​စီး​သူရဲ​တို့​မှာ ဤသို့​ဖြစ်​၏။ မြင်းစီး​သူရဲ​တို့​၌ မီးလျှံ​ရောင်၊ နက်ပြာ​ရောင်​နှင့် ကန့်​ကဲ့သို့​ဝါ​သော ရင်အုပ်​တန်ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦးခေါင်း​သည် ခြင်္သေ့​၏​ဦးခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံတွင်း​ထဲမှ မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။ 18သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။ 19မြင်း​တို့​၏​အစွမ်း​သည် သူ​တို့​၏​ခံတွင်း​နှင့်​အမြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အမြီး​သည် မြွေ​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​၍ ထို​ဦးခေါင်း​အားဖြင့် လူ​တို့​အား​ဘေးသင့်​စေ​၏။
20ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။#တ 17:29၊ ဆာ 115:4-7၊ 135:15-17။ 21မိမိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြုစား​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အတွက်​လည်း နောင်တ​မ​ရ​ဘဲ​နေ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ