၁ ကောရိန္သု 2
2
ခရစ်တော်အသေခံတော်မူခြင်း
1ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေခံချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။- 2အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတစ်ပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဋ္ဌာန်းခြင်းရှိ၏။- 3သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။-#တ၊ ၁၈:၉။ 4-5သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှာ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့်တကွ ရှိ၏။
ဘုရားသခင်၏ပညာ
6သို့သော်လည်း၊ စုံလင်သောသူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။- 7ဤကမ္ဘာမတည်မရှိမီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှာ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ပညာကို ငါတို့သည် ပြသကြ၏။- 8ထိုပညာကို လောကီမင်းတစ်စုံတစ်ယောက်မျှ မသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။- 9ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။-#ဟေရှာ၊ ၆၄:၄။ 10ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။- 11လူ၏နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှမသိ။- 12ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။- 13ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည် ဟောကြ၏။- 14ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။- 15ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍ မသိနိုင်။- 16ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကို သိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။#ဟေရှာ၊ ၄၀:၁၃။
လက်ရှိရွေးချယ်ထားမှု
၁ ကောရိန္သု 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.