၁ ကောရိန္သု 4
4
တမန်တော်များ၏အမှုတော်
1ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- 2ထိုမှတစ်ပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။- 3သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။- 4အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။- 5ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။
6ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတစ်ပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည်စေခြင်းငှာလည်းကောင်း၊ မာနစိတ်ထောင်လွှားသည်နှင့် တစ်ယောက်ကိုမှီဝဲ၍ တစ်ယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှာလည်းကောင်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။- 7ထိုမှတစ်ပါး၊ အဘယ်သူသည် သင့်ကို ထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။- 8ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသောအခွင့် ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။- 9သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။- 10ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊- 11ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊- 12ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။-#တ၊ ၁၈:၃။ 13အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့လည်းကောင်း၊ အရပ်ရပ်ထဲက လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
14သင်တို့သည် ရှက်စေခြင်းငှာ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။- 15သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ။- 16သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။-#၁ကော၊ ၁၁:၁။ ဖိ၊ ၃:၁၇။ 17ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှာ သူသည် ပြသတိုက်တွန်းလိမ့်မည်။- 18ငါသည် သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။- 19သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိလျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာနထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။- 20အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။- 21သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်လည်းကောင်း၊ လာရမည်လော။
လက်ရှိရွေးချယ်ထားမှု
၁ ကောရိန္သု 4: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.