၁ ကောရိန္သု 8
8
ရုပ်တုရှေ့ပူဇော်သောယဇ်ကောင်
1ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။- 2အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။- 3ဘုရားသခင်ကိုချစ်သောသူ မည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူ ဖြစ်၏။- 4ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက် ဖြစ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အဘယ်ဘုရားသခင်မျှ မရှိသည်ကိုလည်းကောင်း၊ ငါတို့သိကြ၏။- 5ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သော သူအများရှိသော်လည်း၊- 6အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဖို့ အလိုငှာ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင် တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။- 7သို့သော်လည်း ထိုဉာဏ်ကို လူတိုင်းမရ။ အချို့သောသူတို့သည် ယခုတိုင်အောင် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သောစိတ်နှင့် စားကြသည်ဖြစ်၍၊ သူတို့၌ ကိုယ်ကိုကိုယ်သိသော စိတ်သည် အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။
8အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။- 9သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။- 10အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဉာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတစ်ပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသောစိတ် အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှာ ရဲမည်မဟုတ်လော။- 11ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဖို့ အလိုငှာ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဉာဏ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊- 12သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကိုကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။- 13သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်း မရှိစေခြင်းငှာ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။
လက်ရှိရွေးချယ်ထားမှု
၁ ကောရိန္သု 8: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.