၃ ဓမ္မရာဇဝင် 11
11
ထာဝရဘုရားကိုရှောလမုန်ကျောခိုင်းခြင်း
1ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကိုချစ်တတ်၏။#တရား၊ ၁၇:၁၇။ 2ထာဝရဘုရားက၊ သင်တို့သည် တစ်ပါးအမျိုးသားတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။#ထွ၊ ၃၄:၁၆၊ တရား၊ ၇:၃-၄။ 3မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကိုလွဲစေကြ၏။ 4ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသော ဘုရားနောက်သို့လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းမရှိ။ 5ဇိဒုန်နတ်သမီး အာရှတရက်၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံနောက်သို့ လိုက်၍၊ 6ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကို ပြုလေ၏။ 7ထိုအခါ ရှောလမုန်သည် ရွံရှာဖွယ်သော မောဘဘုရားခေမုရှနှင့် ရွံရှာဖွယ်သော အမ္မုန်ဘုရားမောလုတ်အဖို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကိုတည်လေ၏။ 8မိမိတို့ဘုရားအားနံ့သာပေါင်းကိုမီးရှို့၍၊ ယဇ်ပူဇော်သော တစ်ပါးအမျိုးသား ခင်ပွန်းအပေါင်းတို့အဖို့ ထိုသို့ပြု၏။
9အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊ 10ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက်တော်မူလျက်၊ 11သင်သည် ဤသို့ပြု၍ ငါဖွဲ့သောပဋိညာဉ်နှင့် ငါမှာထားသောတရားကို မစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နုတ်၍ သင့်ကျွန်အား ပေးမည်။ 12သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏သားလက်မှ နိုင်ငံတော်ကိုနုတ်မည်။ 13သို့သော်လည်း တစ်နိုင်ငံလုံးကိုမနုတ်။ ငါ့ကျွန်ဒါဝိဒ်နှင့် ငါရွေးကောက်သော ယေရုရှလင်မြို့ကိုထောက်၍၊ သင့်သားအား ခရိုင်တစ်ခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
ရှောလမုန်၏ရန်သူများ
14ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုး ဖြစ်၏။ 15-16အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ရှိ၍၊ ဗိုလ်ချုပ်ယွာဘသည် ဧဒုံအမျိုးသား ယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေခြင်းငှာ သွားစဉ်အခါ၊ 17ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန် ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။ 18မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့ ရောက်လေ၏။ တစ်ဖန် ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်းသည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။ 19ဖာရောဘုရင်သည် ဟာဒဒ်ကိုအလွန်ချစ်၍ မိမိခင်ပွန်း မိဖုရားတာပနက်၏ညီမကိုပေးစား၏။ 20တာပနက်၏ညီမသည် သားဂေနုဗက်ကို ဖွားမြင်၍၊ တာပနက်သည် နန်းတော်၌နို့ခွာသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။ 21ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။ 22ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟု မေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။ 23ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူသည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊ 24လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံသောအခါ ဗိုလ်ချုပ်လုပ်လေ၏။ တစ်ဖန်ဒမာသက်မြို့သို့သွား၍ မင်းပြုလျက်နေ၏၊ 25ဟာဒဒ်နှောင့်ယှက်သော အမှုမှတစ်ပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကိုအစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
ယေရောဗောင်အတွက်ကတိတော်
26ထိုမှတစ်ပါး ရှောလမုန်၏ ကျွန်တစ်ယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှင်ဘုရင်ကိုပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုဆိုးမတည်း။ 27ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ်၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊ 28ယေရောဗောင်သည် ခွန်အားကြီးသော သူရဲဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်းကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက်ရသော အမှုရှိသမျှကို အုပ်စေခြင်းငှာ ခန့်ထားတော်မူ၏။ 29တစ်ရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သားအဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရောဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊ 30အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကိုကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊ 31ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။ 32ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တစ်ခရိုင်ကို ယူရ၏။ 33ဆယ်ခရိုင်ကို နုတ်ရသောအကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ ငါ့လမ်းတို့သို့မလိုက်။ 34သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှငါမနုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့်ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တစ်သက်လုံးစိုးစံစေခြင်းငှာ ငါအခွင့်ပေး၏။ 35ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကိုနုတ်၍ ဆယ်ခရိုင်ကို သင့်အားငါပေးမည်။ 36ငါ့နာမတည်ရာဖို့ ငါရွေးကောက်သောယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏မီးခွက်သည် အစဉ်ထွန်းလင်းလျက် ရှိစေခြင်းငှာ၊ ရှောလမုန်သားအား တစ်ခရိုင်ကိုငါပေး၏။ 37သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှာ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြုရ၏။ 38သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဖို့ မြဲမြံသောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဖို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။ 39ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ယှက်မည်။ သို့ရာတွင် အစဉ်နှောင့်ယှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ 40ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရှက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ၏။
ရှောလမုန်ကွယ်လွန်ခြင်း
(၆ရာ၊ ၉:၂၉-၃၁)
41ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထားလျက်ရှိ၏။ 42ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊ 43ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
လက်ရှိရွေးချယ်ထားမှု
၃ ဓမ္မရာဇဝင် 11: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.