၁ ဓမ္မရာဇဝင် 1
1
ဧလကာနနှင့်အိမ်ထောင်စု
1ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတစ်ယောက်ရှိ၏။ 2ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။ 3ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။
4ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့အား ဝေမျှ၏။ 5ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။ 6ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္နစိတ်ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက်တတ်၏။ 7နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ယှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေတတ်၏။ 8သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည် မဟုတ်လောဟု ဆို၏။
ဟန္နနှင့် ဧလိ
9ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ 10ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊ 11အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။#တော၊ ၆:၅။ 12ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ 13စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ 14သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။ 15ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ 16ကိုယ်တော်၏ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ်ဝပ်စွာသွားလော့။ 17ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။ 18ဟန္နကလည်း၊ ကိုယ်တော်၏ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏။
ရှမွေလကိုမွေးဖွားခြင်းနှင့်ဆက်ကပ်ခြင်း
19ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊ 20ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။ 21ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသောယဇ်ကိုလည်းကောင်း၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ခြင်းငှာ တက်သွားသောအခါ၊ 22ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟု ဆိုလျှင်၊ 23ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမီတိုင်အောင် နေလော့။ ထာဝရဘုရား၏ ကတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကိုနို့တိုက်လျက် နို့မကွာမီတိုင်အောင် မသွားဘဲနေ၏။ 24နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတစ်ကောင်၊ မုန့်ညက် တစ်ဧဖာ၊ စပျစ်ရည်တစ်ဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။ 25နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊ 26ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တစ်ခါ ဤအရပ်၌ ကိုယ်တော်အနားမှာရပ်လျက် ဆုတောင်းသောမိန်းမ ဖြစ်ပါ၏။ 27ထိုအခါ ဤသူငယ်ကိုရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။ 28ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရားထံတော်၌ အငှားခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
၁ ဓမ္မရာဇဝင် 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.