YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 33

33
ယု​ဒ​ဘု​ရင်​မ​နာ​ရှေ
(၄​ရာ၊ ၂၁: ၁-၉)
1မ​နာ​ရှေ​သည် အ​သက်​တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။ 2ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ၊ ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။#ယေ၊ ၁၅:၄။ 3ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ အာ​ရှ​ရ​ပင်​တို့​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။ 4ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို အ​စဉ်​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌​ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊#၆​ရာ၊ ၆:၆။ 5ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။ 6မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။ 7ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား​မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ၊ မိ​မိ​ပြု​စု​သော​ရုပ်​တု​နှင့် တူ​အောင်​လုပ်​သော ရုပ်​တု​တစ်​ခု​ကို တင်​ထား၏။ 8ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ မော​ရှေ​အား​ဖြင့် စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​သော​တ​ရား​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​ခြင်း​ငှာ စောင့်​ရှောက်​လျှင်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို နောက်​တစ်​ဖန် ငါ​မ​ရွှေ့​မ​ပြောင်း​စေ​ဟု မိန့်​တော်​မူ​သော်​လည်း၊#၃​ရာ၊ ၉:၃-၅။ ၆​ရာ၊ ၇:၁၂-၁၈။ 9မ​နာ​ရှေ​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို လမ်း​လွဲ​စေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ ထာ​ဝ​ရ​ဘု​ရား ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက်၊ သာ၍​ဆိုး​သော​အ​မှု​ကို ပြု​စေ၏။
မ​နာ​ရှေ​နောင်​တ​ရ​ခြင်း
10ထာ​ဝ​ရ​ဘု​ရား​သည် မ​နာ​ရှေ​နှင့် သူ၏​လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​သော​ကြောင့်၊ 11အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။ 12ထို​သို့​မ​နာ​ရှေ​သည် ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​သော​အ​ခါ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်၍၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကိုယ်​ကို အ​လွန်​နှိမ့်​ချ​လျက်၊ 13ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​နာ​ယူ၍၊ မ​နာ​ရှေ​အုပ်​စိုး​ရင်း​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန် ပို့​ဆောင်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို မ​နာ​ရှေ​သိ​ရ၏။
14ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။ 15တစ်​ပါး​အ​မျိုး​တို့၏​ဘု​ရား​များ​နှင့် အ​ရင်​လုပ်​သော​ရုပ်​တု​ကို၊ ဗိ​မာန်​တော်​ထဲ​က ထုတ်၍၊ ဗိ​မာန်​တော်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အ​ရင်​တည်​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း မြို့​ပြင်​သို့ ထုတ်​ပစ်​လေ၏။ 16ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ပြု​ပြင်၍၊ မိတ်​သ​ဟာ​ယ​ယဇ်​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ယဇ်​တို့​ကို ပူ​ဇော်၏။ ယု​ဒ​ပြည်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​မည်​အ​ကြောင်း မှာ​ထား၏။ 17သို့​ရာ​တွင် ပြည်​သား​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ယဇ်​ပူ​ဇော်​လျက်​ပင်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ကိုး​ကွယ်​ကြ၏။
မ​နာ​ရှေ​နန်း​သက်​ကုန်​ဆုံး​ခြင်း
(၄​ရာ၊ ၂၁:၁၇-၁၈)
18မ​နာ​ရှေ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် မိ​မိ​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ခြင်း​အ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သူ့​အား​ပ​ရော​ဖက်​တို့ ဟော​ပြော​သော​စ​ကား​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 19သူ​ဆု​တောင်း​ခြင်း၊ ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​ခြင်း၊ အ​မှု​မ​ရောက်​မီ ပြစ်​မှား​လွန်​ကျူး​ခြင်း၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​ခြင်း၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို တည်​ထောင်​ခြင်း​အ​ရာ​တို့​သည်၊ ဟော​ဇဲ၏​ကျမ်း​စ​ကား​တွင် ရေး​ထား​လျက်​ရှိ၏။ 20မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ မိ​မိ​အိမ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​အာ​မုန်
(၄​ရာ၊ ၂၁: ၁၉-၂၆)
21အာ​မုန်​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​နှစ်​စိုး​စံ​လေ၏။ 22ထို​မင်း​သည် ခ​မည်း​တော်​မ​နာ​ရှေ​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​လုပ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​အား ယဇ်​ပူ​ဇော်၍​ဝတ်​ပြု၏။ 23ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​သ​ကဲ့​သို့ မ​နှိမ့်​ချ​ဘဲ အ​ထူး​သ​ဖြင့် ပြစ်​မှား၏။ 24မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍ နန်း​တော်၌ လုပ်​ကြံ​ကြ၏။ 25အာ​မုန်​မင်း​ကြီး​တစ်​ဖက်၌ သင်း​ဖွဲ့​သော​သူ​အ​ပေါင်း​တို့​ကို၊ ပြည်​သူ​ပြည်​သား​တို့​သည် ကွပ်​မျက်၍၊ သား​တော်​ယော​ရှိ​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ