၂ ကောရိန္သု 2
2
1ထိုမှတစ်ပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တစ်ဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။- 2အကြောင်းမူကား၊ ငါသည် သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ ဝမ်းနည်းစေသောသူတို့မှတစ်ပါး အဘယ်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။- 3ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။- 4အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှာ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှာ ငါရေး၏။
ပြစ်မှားသူကိုအပြစ်လွှတ်ခြင်း
5တစ်စုံတစ်ယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာ မစီရင်လို။- 6အများသောသူတို့စီရင်သော ဒဏ်သည် ထိုသူ၏အပြစ်နှင့် တန်ပြီ။- 7သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ ပြုသင့်၏။- 8ထိုကြောင့် သင်တို့သည် သူ့ကို အမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။- 9ထိုမှတစ်ပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။- 10အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား၊ ငါသည် တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။- 11သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
တရောမြို့တွင်စိတ်ပူပန်ရခြင်း
12ထိုမှတစ်ပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှာ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊- 13ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကို အခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
ခရစ်တော်၌အောင်မြင်ခြင်း
14ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှာလည်းကောင်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာလည်းကောင်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။- 15အဘယ်သို့နည်း ဟူမူကား၊ ငါတို့သည် ကယ်တင်သော သူတို့၌လည်းကောင်း၊ ဆုံးရှုံးသော သူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။- 16ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူ ထိုက်တန်သနည်း။- 17ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။
လက်ရှိရွေးချယ်ထားမှု
၂ ကောရိန္သု 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.