၂ ကောရိန္သု 3
3
ပဋိညာဉ်တရားသစ်၏အစေခံများ
1ငါတို့သည် တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်းကြသလော။ သို့မဟုတ် ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတစ်ပါး ပေးစေခြင်းငှာလည်းကောင်း၊ သင်တို့သည် သူတစ်ပါးထံသို့ ပေးစေခြင်းငှာလည်းကောင်း၊ ငါတို့သည် အချို့သောသူကဲ့သို့ အလိုရှိကြသလော။- 2သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင် ဖြစ်ကြသတည်း။- 3အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍လည်းကောင်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍လည်းကောင်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။- 4ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။
5သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊- 6ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။- 7ထိုမှတစ်ပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊- 8ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။- 9အပြစ်စီရင်တတ်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရားသည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။- 10နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဖူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။- 11ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။
12ထိုသို့သော ယုံကြည်မျှော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြောကြ၏။- 13ပယ်ရှင်းသောအရာ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှာ မောရှေသည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။- 14သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကို ဖတ်ကြသောအခါ အနက်အဓိပ္ပာယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။ 15ယခုတိုင်အောင်လည်း၊ မောရှေ၏ကျမ်းစာကို ဖတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက် ရှိသေး၏။- 16သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည်။- 17သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။- 18ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြ၏။
လက်ရှိရွေးချယ်ထားမှု
၂ ကောရိန္သု 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.