၄ ဓမ္မရာဇဝင် 3
3
ဣသရေလပြည်နှင့်မောဘပြည်စစ်ဖြစ်ခြင်း
1ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံဆယ်ရှစ်နှစ်တွင်၊ အာဟပ်သားယောရံသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ 2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။ 3သို့သော်လည်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကိုမရှောင်၊ မှီဝဲ၏။
4မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။ 5အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။ 6ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲကထွက်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို စာရင်းယူ၏။ 7ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှာ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ပြန်ပြော၏။ 8အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟု မေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟု ပြန်ပြော၏။ 9ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသောတိရစ္ဆာန်များ သောက်စရာရေမရှိ။ 10ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆို၏။ 11ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေးလျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက်တစ်ယောက်မျှ မရှိသလောဟုမေးလျှင်၊ ဣသရေလရှင်ဘုရင်၏ ကျွန်တစ်ယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊ 12ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ 13ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊ 14ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏မျက်နှာကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။ 15စောင်းသမားကိုခေါ်ခဲ့ဟု ဆို၍ စောင်းသမားသည်တီးသောအခါ၊ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊ 16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ်လည်၌ ဆည်ပေါင်းတို့ကို လုပ်ကြလော့။ 17အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဖို့ လေမလာ၊ မိုးမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။ 18ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ 19သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်းသောမြေကွက်ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 20နံနက်အချိန် ဘောဇဉ်ပူဇော်သကာကို ပူဇော်သောအခါ၊ ရေသည်ဧဒုံလမ်းဖြင့်လာ၍ တစ်ပြည်လုံးကို လွှမ်းလေ၏။
21ရှင်ဘုရင်တို့သည် စစ်ချီ၍လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာတပ်ချကြ၏။ 22နံနက်စောစောထသောအခါ၊ ရေပေါ်မှာနေရောင်ထင်၍၊ ပြည်တစ်ဖက်၌ ရေသည် အသွေးကဲ့သို့နီသည်ကို မောဘပြည်သားတို့သည်မြင်ကြလျှင်၊ 23အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟုဆိုကြ၏။ 24ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက်သဖြင့် သူတို့သည်ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။ 25မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသောမြေကွက်ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့၍၊ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကိုချန်ထားရာတွင်၊ လောက်လွှဲသမားတို့သည် ဝိုင်း၍ပစ်ကြ၏။ 26မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကိုသိသောအခါ၊ ဓားကိုင်သောသူခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏တပ်ကိုဖျက်မည်ဟု အားထုတ်သော်လည်း မဖျက်နိုင်။ 27နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သောသားဦးကိုယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတစ်ပါးအမျက်ထွက်ခြင်းကို ခံရသောကြောင့်၊ ထိုပြည်ကိုထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
၄ ဓမ္မရာဇဝင် 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.