၂ ရှင်ပေတရု 3
3
ထာဝရဘုရား၏နေ့ရက်
1ချစ်သူတို့၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခု ငါရေး၍ ပေးလိုက်၏။- 2သန့်ရှင်းသော ပရောဖက်တို့သည်၊ အထက်က ဟောပြောသော စကားများကိုလည်းကောင်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သော ငါတို့၏ပညတ်ကိုလည်းကောင်း၊ သင်တို့သည် အောက်မေ့စေခြင်းငှာ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ်တို့ကို ငါသတိပေး၍ နှိုးဆော်၏။- 3ရှေ့ဦးစွာ သိမှတ်အပ်သောအရာ ဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊- 4သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။- 5ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊- 6ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ် မရှိကြ။- 7ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။
8ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်းဖြစ်သည် အရာတစ်ခုကို မမေ့လျော့ကြနှင့်။- 9လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။- 10သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
11-12သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။- 13ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။
14ထိုသို့ မျှော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။- 15ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အား ရေး၍ပေးလိုက်သော စာ၌လည်းကောင်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌လည်းကောင်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။- 16ထိုစာတို့၌ ခက်ခဲသော အရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။
17သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း၊ ဤအရာများကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။- 18ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလပတ်လုံး ဘုန်းအသရေ ရှိတော်မူစေသတည်း။ အာမင်။
ရှင်ပေတရုဩဝါဒစာဒုတိယစောင်ပြီး၏။
လက်ရှိရွေးချယ်ထားမှု
၂ ရှင်ပေတရု 3: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.