တမန်တော် 12
12
ညှဉ်းဆဲခြင်း
1ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှဉ်းဆဲခြင်းငှာစီရင်၍၊- 2ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ဓားနှင့် ကွပ်မျက်လေ၏။- 3ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည်ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တစ်ဖန်ထပ်၍၊- 4ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။-#ထွ၊ ၁၂:၁-၂၇။ 5ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဖို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏။
ပေတရုလွတ်လာခြင်း
6ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။- 7ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- 8ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။- 9ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။- 10လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။
11ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းကောင်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှလည်းကောင်း၊ ငါ့ကိုကယ်နုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊- 12လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ရောက်၍၊- 13အိမ်ဦးတံခါးကိုခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင်ခြင်းငှာလာ၍၊- 14ပေတရု၏စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော၏။- 15ထိုသူတို့က၊ သင်သည်အရူးဖြစ်၏ဟု ထိုမိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန်ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟု ဆိုကြ၏။- 16ပေတရုသည် ခေါက်၍နေသော်၊ တံခါးကိုဖွင့်ကြ၍ သူ့ကိုမြင်သဖြင့် အလွန်တရာအံ့ဩကြ၏။- 17ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှာ မိမိလက်နှင့်အမှတ်ပေး၍ မိမိကို ထောင်ထဲက သခင်ဘုရားနုတ်တော်မူ သောအကြောင်းအရာကို ဖော်ပြပြီးမှ၊ သင်တို့သွား၍ ယာကုပ်နှင့် ညီအစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင်၊ ထွက်၍အခြားတစ်ပါးသို့ သွားလေ၏။- 18မိုးလင်းသောအခါ စစ်သူရဲတို့သည် ပေတရု၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှဖြစ်ကြ၏။- 19ဟေရုဒ်မင်းသည် ပေတရုကိုရှာ၍ မတွေ့သည်ရှိသော်၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ၏။
ဟေရုဒ်မင်းကွယ်လွန်ခြင်း
20ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန်မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည် ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။- 21ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အား မိန့်တော်မူ၏။- 22လူများတို့က၊ ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည်ရှိသော်၊- 23ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏချင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။- 24ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလေ၏။- 25ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင်၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့၍ ယေရုရှလင်မြို့မှပြန်ကြ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 12: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.