တရားဟောရာ 27
27
ကျောက်တုံးများအပေါ်ရေးသောပညတ်တော်
1တစ်ဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။ 2သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။#ယောရှု၊ ၈:၃၀-၃၂။ 3ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ 4ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။ 5ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ 6ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သောကျောက်တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။#ထွ၊ ၂၀:၂၅၊ ၂၇:၁၂၊ တရား၊ ၁၁:၂၉၊ ယောရှု၊ ၈:၃၃-၃၅။ 7မိတ်သဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ပျော်မွေ့ခြင်းကို ပြုရမည်။ 8ထိုကျောက်ပေါ်မှာ ဤတရားစကားတော် အလုံးစုံတို့ကို သေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏။ 9တစ်ဖန် မောရှေနှင့်ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့်နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။ 10သို့ဖြစ်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
နားမထောင်ခြင်းအတွက်ကျိန်ဒဏ်
11တစ်ဖန် မောရှေသည် ထိုနေ့၌ လူများတို့ကိုမှာထားသည်မှာ၊ 12သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းချီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။#တရား၊ ၁၁:၂၉၊ ယောရှု၊ ၈:၃၃-၃၅။ 13ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။ 14ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရသောစကားဟူမူကား၊ 15ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ထွ၊ ၂၀:၄၊ ၃၇:၁၇၊ ဝတ်၊ ၁၉:၄၊ ၂၆:၁၊ တရား၊ ၄:၁၅-၁၈၊ ၅:၈။ 16မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ထွ၊ ၂၀:၁၂၊ တရား၊ ၅:၁၆။ 17အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#တရား၊ ၁၉:၁၄။ 18မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။#ဝတ်၊ ၁၉:၁၄။ 19တရားတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။#ထွ၊ ၂၂:၂၁၊ ၂၃:၉၊ ဝတ်၊ ၁၉:၃၃-၃၄၊ တရား၊ ၂၄:၁၇-၁၈။ 20အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ဝတ်၊ ၁၈:၈၊ ၂၀:၁၁၊ တရား၊ ၂၂:၃၀။ 21တိရစ္ဆာန်တစ်စုံတစ်မျိုးနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။#ထွ၊ ၂၂:၁၉၊ ဝတ်၊ ၁၈:၂၃၊ ၂၀:၁၅။ 22အဘ၏သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ဝတ်၊ ၁၈:၉၊ ၂၀:၁၇။ 23မယား၏အမိနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ဝတ်၊ ၁၈:၁၇၊ ၂၀:၁၄။ 24အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ 25အပြစ်မရှိသော သူ၏အသက်ကိုသတ်ခြင်းငှာ အခကိုယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ 26ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။#ဂလ၊ ၃:၁၀။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာ 27: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.