ဧဖက် 1
1
1ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။- 2သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ခရစ်တော်၌ဝိညာဉ်ဆုကျေးဇူးများ
3ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊- 4ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- 5-6ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။- 7-8ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။- 9ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။- 10ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။- 11မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။- 12အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။- 13သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။- 14ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနုတ်တော်မူခြင်းသို့ မရောက်မီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စရန်ဖြစ်တော်မူ၏။
ပေါလု၏ဆုတောင်းပတ္ထနာ
15ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကို ငါသည်ကြားပြီးလျှင်၊- 16သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။- 17ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း၊- 18ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊- 19ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ သင်တို့သည်သိစေခြင်းငှာ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပတ္ထနာပြု၏။- 20ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။- 21ခပ်သိမ်းသော အထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊- 22ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဖို့အလိုငှာ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။- 23ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။
လက်ရှိရွေးချယ်ထားမှု
ဧဖက် 1: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.