ထွက်မြောက်ရာ 26
26
တဲတော်
(ထွ၊ ၃၆:၈-၃၈)
1တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။ 2ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။ 3ကုလားကာငါးထည်စီ တစ်စပ်တည်းချုပ်ရမည်။ 4ကုလားကာတစ်ထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မီရာ၌လည်း ထိုအတူလုပ်ရမည်။ 5ကုလားကာတစ်ထည်၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြားသောကုလားကာ အနားဆက်မီရာ၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။ 6ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တစ်ဆောင်တည်းဖြစ်ရမည်။
7တဲတော်ဖုံးအုပ်ဖို့ အခြားသောကုလားကာ ဆယ်တစ်ထည်ကို ဆိတ်မွေးနှင့်လုပ်ရမည်။ 8ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တစ်ထည်တို့သည် အလျားအနံချင်းတူရမည်။ 9ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်းချုပ်၍၊ ဆဋ္ဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။ 10ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။ 11ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်းဖြစ်ရမည်။ 12ထိုအပေါ်တဲ၌ပိုသော ကုလားကာတစ်ဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။ 13အပေါ်တဲ၌ပိုသော ကုလားကာအလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဖို့ တစ်ဖက်တစ်ချက် တစ်တောင်စီတွဲလွဲဆွဲထားရမည်။ 14အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသောသိုးရေကိုလည်းကောင်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကိုလည်းကောင်းလုပ်ရမည်။
15တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။ 16ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတစ်တောင်ထွာရှိရမည်။ 17ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တစ်တန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။ 18တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကိုလုပ်ရမည်။ 19ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဖို့ ငွေခြေစွပ်လေးဆယ်ကို လုပ်ရမည်။ 20ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ရှိရမည်။ 21ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တစ်ပြားနှစ်ခုစီရှိရမည်။ 22တဲတော်အနောက်ဘက်၌ကာရန် ပျဉ်ပြားခြောက်ပြားကိုလည်းကောင်း၊ 23ထောင့်တစ်ဖက်တစ်ချက်၌ကာရန် ပျဉ်ပြားနှစ်ပြားကိုလည်းကောင်း လုပ်ရမည်။ 24အထက်၌လည်းကောင်း၊ အောက်၌လည်းကောင်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။ 25ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တစ်ပြားနှစ်ခုစီရှိရမည်။ 26တဲတော်၌ကာရသော ပျဉ်ပြားကိုလျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင်တို့ကို တစ်ဖက်ငါးချောင်းစီ လုပ်ရမည်။ 27တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကို လျှိုစရာဖို့ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်ရမည်။ 28အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တစ်ဖက်တစ်ချက်၌ ဆုံးစေရမည်။ 29ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့် မွမ်းမံရမည်။ 30တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
31တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။ 32ရွှေချသော အကာရှသားတိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်လည်းကောင်း၊ ငွေခြေစွပ်လေးခုနှင့်လည်းကောင်း ပြည့်စုံရမည်။ 33သက်သေခံချက်ထားသောသေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဖို့ ထိုကုလားကာကို ရွှေချောင်းဖြင့်ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။#ဟေဗြဲ၊ ၆:၁၉၊ ၉:၃-၅။ 34ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။ 35ကုလားကာပြင်မှာ စားပွဲကိုထားရမည်။ တဲတော်တောင်ဘက်နားမှာ မီးခုံကိုလည်းကောင်း၊ မြောက်ဘက်နားမှာစားပွဲကိုလည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက်ဆိုင်မိအောင် ထားရမည်။
36တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာတစ်ထည်ကို လုပ်ရမည်။ 37ထိုကုလားကာဖို့ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကိုလုပ်၍ ရွှေနှင့် မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာ 26: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.