ယေဇကျေလ 45
45
သန့်ရှင်းသောမြေ
1သင်တို့သည် မြေကို အမွေခံခြင်းငှာ စာရေးတံချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတစ်ကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။ 2ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။ 3ထိုသို့ အလျားနှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။ 4ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။ 5အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။ 6မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသောအရပ် တစ်ဖက်တစ်ချက်၌ အလျား တစ်သောင်းငါးထောင်၊ အနံ ငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဖြစ်ရမည်။
မင်းသားအတွက်မြေယာ
7သန့်ရှင်းသောမြေကွက်နှင့် မြို့တော် နယ်နိမိတ် အနောက်ဘက်တစ်လျှောက်လုံးတစ်ပိုင်း၊ အရှေ့ဘက်တစ်လျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ ဖြစ်ရမည်။ 8ငါ၏မင်းသားတို့သည် နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလပြည်၌ မင်းသားပိုင်သောမြေ ဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
မင်းသားအတွက်စည်းကမ်းများ
9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလမင်းသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကို ပြုကြလော့။ နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အချိန်နှင့်အတိုင်းအတာ
10မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်တို့ကို သုံးရကြမည်။#ဝတ်၊ ၁၉:၃၆။ 11ဧဖာနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖာသည် တစ်ဟောမဲတွင် ဆယ်စုတစ်စု၊ ဗတ်သည်လည်း တစ်ဟောမဲတွင် ဆယ်စုတစ်စုရှိရမည်။ 12ဂေရာနှစ်ဆယ်ကို တစ်ကျပ်၊ အကျပ်ခြောက်ဆယ်ကို တစ်မာနေရှိရမည်။
ပူဇော်သကာများ
13ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။ 14ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။ 15သူတို့အပြစ်ကို ဖြေခြင်းငှာ ဣသရေလကျက်စားရာ၊ ရေများသောအရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တစ်ကောင်ကို ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 16ထိုချီးမြှောက်ရာ ပူဇော်သကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။ 17မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။
ပွဲတော်များ
(ထွ၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၃၃-၄၃)
18အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။ 19ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။ 20ထိုမှတစ်ပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
21ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။#ထွ၊ ၁၂:၁-၂၀။ တော၊ ၂၈:၁၆-၂၅။ 22ထိုနေ့၌ မင်းသားသည် ကိုယ်ဖို့လည်းကောင်း၊ ပြည်သူပြည်သား အပေါင်းတို့ဖို့လည်းကောင်း၊ နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ် ပူဇော်ရမည်။ 23ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ရာယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသောသိုးထီး ခုနစ်ကောင်ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ် တစ်ကောင်ကိုလည်းကောင်း နေ့တိုင်းပူဇော်ရမည်။ 24နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တစ်ကောင်တစ်ကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကို ပြင်ဆင်ရမည်။ 25သတ္တမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ဆီပူဇော်သကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံးပြုရမည်။#ဝတ်၊ ၂၃:၃၃-၃၆။ တော၊ ၂၉:၁၂-၃၈။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 45: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.