ဟေရှာယ 34
34
လူမျိုးတို့ကိုဒဏ်ခတ်တော်မူမည်
1အို လူမျိုးတို့၊ သင်တို့သည် ကြားရအံ့သောငှာ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ။ 2ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏။ 3သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။ 4ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့လည်းကောင်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့လည်းကောင်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။#မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၅။ လု၊ ၂၁:၂၆။ ဗျာ၊ ၆:၁၃-၁၄။ 5အကြောင်းမူကား၊ ငါ့ဓားသည် မိုးကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တစ်ဖန် ဧဒုံပြည်အပေါ်မှာလည်းကောင်း၊ ငါကျိန်သောလူများတို့ အပေါ်မှာလည်းကောင်း၊ ဒဏ်ပေးခြင်းငှာ ရောက်လိမ့်မည်။#ဟေရှာ၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 6ထာဝရဘုရား၏ဓားတော်သည် အသွေးနှင့်ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။ 7ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။ 8ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာနှစ် ရောက်လေပြီ။ 9ထိုပြည်၏မြစ်ရေသည် ထင်းရှူးစေး၊ မြေမှုန့်လည်း ကန့်၊ တစ်ပြည်လုံးလည်း မီးလောင်သောအစေး ဖြစ်လိမ့်မည်။ 10နေ့ညမပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ်တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မလျှောက်မသွားရ။#ဗျာ၊ ၁၄:၁၁၊ ၁၉:၃။ 11ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်းမျဉ်းကြိုးကိုတန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။ 12မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ်တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။ 13ဘုံဗိမာန်တို့၌လည်းကောင်း၊ ရဲတိုက်တို့၌လည်းကောင်း၊ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ငှက်ကုလားအုတ်နေရာ ဖြစ်ရလိမ့်မည်။ 14ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တစ်ကောင်ကိုတစ်ကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်းနား၍ ခိုလှုံရာကိုတွေ့လိမ့်မည်။ 15ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများ ပေါင်းကြလိမ့်မည်။ 16ထာဝရဘုရား၏ကျမ်းစာကိုကြည့်ရှု၍ ဖတ်ကြလော့။ ထိုတိရစ္ဆာန်တစ်ကောင်မျှ မပေါ်ဘဲမနေရ။ အမတစ်ကောင်မျှ မိမိအဖော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏။ 17သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူတို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ် အစဉ်အဆက်နေရကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 34: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.