ဟေရှာယ 43
43
လူမျိုးတော်ကိုကယ်တင်ခြင်း
1အို ယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကိုဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ 2သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ 3အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။ သင့်ကိုရွေးဖို့၊ အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။ 4သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထိုကြောင့်၊ သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။ 5မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ 6အပ်လော့ဟု မြောက်မျက်နှာကိုလည်းကောင်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊ 7ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
8မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။ 9လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဖော်ပြမည်နည်း။ အရင်ဖြစ်လတ္တံ့သော အရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့် လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။
10ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ 11ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။ 12ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ 13နေ့ရက်ကာလမဖြစ်မီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရားမိန့်တော်မူ၏။
ဗာဗုလုန်မှလွတ်မြောက်ခြင်း
14သင်တို့ကို ရွေးနုတ်သောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ 15ငါသည် သင်တို့၏ သန့်ရှင်းသောထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏။
16ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ 17ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တစ်ပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ 18ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ 19ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။ 20မြေခွေးနှင့် ကုလားအုတ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့သောက်စရာဖို့ တော၌ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်တို့ကိုလည်းကောင်း ငါပေးမည်။ 21ကိုယ်အဖို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
ဣသရေလ၏ဒုစရိုက်အပြစ်
22သို့သော်လည်း၊ အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုပတ္ထနာမပြု။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ 23မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ 24သင်သည် မွှေးသောကြံကို ငါ့ဖို့ ငွေနှင့်မဝယ်။ ပူဇော်သောယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာမကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။ 25ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။ 26ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။ 27သင်၏ ပထမအဘသည် ဒုစရိုက်ကိုပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ 28ထိုကြောင့်၊ သန့်ရှင်းရာဌာန၏မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံစေခြင်းငှာငါစွန့်ပြီ။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 43: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.