YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 11

11
1ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ သူ့​အ​ဘ​ကား ဂိ​လဒ်၊ သူ့​အ​မိ​ကား ပြည့်​တန်​ဆာ​ဖြစ်၏။ 2ဂိ​လဒ်၏​မ​ယား ဖွား​မြင်​သော​သား​တို့​သည် ကြီး​သော​အ​ခါ၊ သင်​သည် အ​ခြား​တစ်​ပါး​သော မိန်း​မ၏ သား​ဖြစ်​သော​ကြောင့်၊ ငါ​တို့ အ​ဆွေ​အ​မျိုး​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု ယေ​ဖ​သ​ကို​ဆို၍ နှင်​ထုတ်​လေ၏။ 3ထို​အ​ခါ ယေ​ဖ​သ​သည် ညီ​တို့​ဆီ​မှ ထွက်​သွား၍ တော​ဘ​ပြည်၌​နေ​သ​ဖြင့်၊ လျှပ်​ပေါ်​သော သူ​တို့​သည် သူ့​ထံ​မှာ​စည်း​ဝေး၍ သူ့​နောက်၌ လိုက်​ကြ၏။ 4နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​ကြ၏။ 5ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ယေ​ဖ​သ​ကို တော​ဘ​ပြည်​မှ​ခေါ်​ခြင်း​ငှာ​သွား၍၊ 6ငါ​တို့​သည် အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​ရ​မည်​အ​ကြောင်း၊ လာ၍ ငါ​တို့၏ ဗိုလ်​ချုပ်​မင်း​လုပ်​ပါ​ဟု မှာ​လိုက်​သော်၊ 7ယေ​ဖ​သ​က၊ သင်​တို့​သည် ငါ့​ကို​မုန်း၍ ငါ့​အ​ဘ​အိမ်​မှ နှင်​ထုတ်​သည်​မ​ဟုတ်​လော။ ယ​ခု ဆင်း​ရဲ​ခြင်း​သို့ ရောက်​သော​အ​ခါ၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​လာ​ကြ​သ​နည်း​ဟု ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ပြော​ဆို၏။ 8ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​က​လည်း၊ ထို​ကြောင့် ငါ​တို့​သည် ယ​ခု သင့်​ထံ​သို့ ပြန်​လာ​ပါ၏။ ငါ​တို့​နှင့်​အ​တူ ကြွ၍ အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​ပြီး​လျှင်၊ ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏ အ​ထွတ်​လုပ်​ပါ​ဟု ယေ​ဖ​သ​အား​တောင်း​ပန်​ပြန်​သော်၊ 9ယေ​ဖ​သ​က၊ အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​စေ​ခြင်း​ငှာ သင်​တို့​သည် ငါ့​ကို​ပြန်​ပို့၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှာ အပ်​တော်​မူ​လျှင်၊ ငါ​သည် သင်​တို့ အ​ထွတ်​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​မည်​လော​ဟု ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား မေး​လေ​သော်၊ 10ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​က၊ သင်​ပြော​သော စ​ကား​အ​တိုင်း ငါ​တို့​မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ငါ​တို့​စပ်​ကြား၌ သက်​သေ​ဖြစ်​တော်​မူ​ပါ​စေ​သော​ဟု ယေ​ဖ​သ​အား ပြန်​ပြော​ကြ၏။ 11ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။
12ထို​နောက်​မှ ယေ​ဖ​သ​သည်၊ အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ငါ့​နိုင်​ငံ၌ စစ်​တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​ကို ရန်​ပြု​သ​နည်း​ဟု​မေး​သော်၊ 13အ​မ္မုန်​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ​သော​အ​ခါ၊ ငါ့​မြေ​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း၊ ယော်​ဒန်​မြစ်​တိုင်​အောင် လု၍​ယူ​သော​ကြောင့် ငါ​ပြု၏။ ထို​မြေ​ကို ယ​ခု အ​သင့်​အ​တင့်​ပြန်​ပေး​ပါ​ဟု ယေ​ဖ​သ၏​သံ​တ​မန်​အား ပြန်​ပြော၏။ 14တစ်​ဖန် ယေ​ဖ​သ​သည် သံ​တ​မန်​ကို အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊ 15ယေ​ဖ​သ​မှာ​လိုက်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မော​ဘ​မြေ၊ အ​မ္မုန်​မြေ​ကို လု​ယူ​သည်​မ​ဟုတ်။ 16ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ၍ ဧ​ဒုံ​ပင်​လယ်​အ​နား၊ တော၌ လှည့်​လည်​သ​ဖြင့် ကာ​ဒေ​ရှ​ရွာ​သို့ ရောက်​သော​အ​ခါ၊ 17ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊ ဧ​ဒုံ​ရှင်​ဘု​ရင်​သည် နား​မ​ထောင်။ ထို​နည်း​တူ မော​ဘ​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊ သူ​သည်​လည်း အ​ခွင့်​မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကာ​ဒေ​ရှ​ရွာ၌ နေ​ရ​ကြ၏။#တော၊ ၂၀:၁၄-၂၁။ 18နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။#တော၊ ၂၁:၄။ 19တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် အာ​မော​ရိ​အ​မျိုး ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ငါ​တို့​နေ​ရာ​သို့ ရောက်​အံ့​သော​ငှာ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊ 20ရှိ​ဟုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​ယုံ၊ မိ​မိ​ပြည်​ကို လျှောက်​သွား​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​သည်​သာ​မ​က၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယာ​ဟတ်​မြို့၌ တပ်​ချ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​လေ၏။ 21ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​ဟုန်​မင်း​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့ ဣ​သ​ရေ​လ​အ​မျိုး​လက်၌ အပ်​တော်​မူ၍၊ သူ​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​ပြည်၌​နေ​သော အာ​မော​ရိ​လူ​တို့၏ မြေ​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။ 22အာ​မော​ရိ​ပြည် နယ်​မြေ​တစ်​လျှောက်​လုံး​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​စ၍ ယော်​ဒန်​မြစ်​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။#တော၊ ၂၁:၂၁-၂၄။ 23ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ သူ​တို့​ပြည်​ကို နုတ်​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် သိမ်း​ယူ​ရ​မည်​လော။ 24သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။ 25သင်​သည် မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​မင်း၏​သား ဗာ​လက်​ထက်​သာ၍ မြတ်​သ​လော။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ရန်​တွေ့​ဖူး​သ​လော။ စစ်​တိုက်​ဖူး​သ​လော။#တော၊ ၂၂:၁-၆။ 26ဣ​သ​ရေ​လ​အ​မျိုး​သည် ဟေ​ရှ​ဘုန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​ရော်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​နုန်​မြစ်​နား​မှာ​ရှိ​သော မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း အ​နှစ်​သုံး​ရာ​ပတ်​လုံး​နေ​စဉ်​တွင် အ​ဘယ်​ကြောင့် သင်​တို့​သည် မ​ရ​ပြန်​သ​နည်း။ 27သင့်​ကို ငါ​မ​ပြစ်​မှား။ သင်​သည် စစ်​တိုက်၍ ငါ့​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ အ​မ္မုန်​အ​မျိုး​သား​တို့ စပ်​ကြား​မှာ ယ​နေ့ တ​ရား​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ​စေ​သော​ဟု မှာ​လိုက်​လေ၏။ 28သို့​သော်​လည်း ယေ​ဖ​သ​မှာ​လိုက်​သော​စ​ကား​ကို အ​မ္မုန်​ရှင်​ဘု​ရင်​သည် နား​မ​ထောင်​ဘဲ​နေ၏။
29ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။ 30ယေ​ဖ​သ​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျက်၊ အ​ကယ်၍ ကိုယ်​တော်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​လျှင်၊ 31အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊ 32အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ယေ​ဖ​သ​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ 33အာ​ရော်​မြို့​မှ​စ၍ မိ​န္နိတ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အာ​ဗေ​လ​ခေ​ရ​မိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မြို့​နှစ်​ဆယ်​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သူ​တို့​ကို တိုက်​သတ်​လေ၏။ ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှေ့​မှာ ရှုံး​ရ​ကြ၏။
ယေ​ဖ​သ​၏​သ​မီး
34ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။ 35ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊#တော၊ ၃၀:၂။ 36သ​မီး​က၊ ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လျှင်၊ လျှောက်​ထား​သည်​အ​တိုင်း ကျွန်​မ၌​ပြု​ပါ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ခ​မည်း​တော်၏​ရန်​သူ အ​မ္မုန်​အ​မျိုး​သား​တို့၌ ခ​မည်း​တော်၏​စိတ်​ပြေ​စေ​ခြင်း​ငှာ အ​ပြစ်​ပေး​တော်​မူ​ပြီ။ 37သို့​ရာ​တွင် ကျွန်​မ​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ တောင်​ရိုး​ပေါ်​မှာ လှည့်​လည်၍၊ ကျွန်​မ၏ အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ နှစ်​လ​ပတ်​လုံး အ​လွတ်​နေ​ပါ​ရ​စေ​ဟု အ​ဘ​အား အ​ခွင့်​တောင်း​သည်​အ​တိုင်း၊ 38အ​ဘ​က၊ သွား​လေ​တော့​ဟု​ဆို​လျက် နှစ်​လ​ကို​ချိန်း​ချက်၍ လွှတ်​လိုက်​လျှင်၊ အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ​သွား၍ တောင်​ရိုး​ပေါ်​မှာ မိ​မိ​အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​လေ၏။ 39နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ 40ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီး 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ