ယေရမိ 37
37
ဇေဒကိပန်ကြားချက်
1ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိအရာ၌၊ ယောရှိမင်းကြီး၏သား ဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။#၄ရာ၊ ၂၄:၁၇။ ၆ရာ၊ ၃၆:၁၀။ 2ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော်မူသောစကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲနေကြ၏။
3တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိသား ယေဟုကလနှင့် ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့အဖို့ ငါတို့ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းပါလော့ဟု မှာလိုက်၏။ 4ထိုအခါ ယေရမိသည် ထောင်ထဲသို့မရောက်သေး။ လူများတို့နှင့် ပေါင်းဖော်လျက် နေသေး၏။ 5ယေရုရှလင်မြို့ကိုဝိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကိုကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။ 6ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ရောက်၍၊ 7ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှာ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြောလော့။ သင်တို့ကိုစစ်ကူခြင်းငှာလာသော ဖာရောဘုရင်၏ဗိုလ်ခြေတို့သည် သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။ 8ခါလဒဲလူတို့သည်လာပြန်၍၊ ဤမြို့ကိုတိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။ 9ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ် မလှည့်စားကြနှင့်။ သူတို့သည်ထွက်၍ မသွားရကြ။ 10ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့သည် လုပ်ကြံသဖြင့်၊ သူတို့တွင် ဒဏ်ချက်ထိသော သူသက်သက်ကျန်ကြွင်းသော်လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရမိထောင်ကျခြင်း
11ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေတို့ကိုကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါ၊ 12ယေရမိသည် မိမိအမျိုး၌ မိမိအမွေဥစ္စာကိုခံအံ့သောငှာ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရုရှလင်မြို့မှ ထွက်သွားလေ၏။ 13ဗင်္ယာမိန်တံခါးဝသို့ရောက်သောအခါ၊ ဟာနနိသားဖြစ်သော ရှေလမိ၏သား ကင်းမှူးဣရိယက၊ သင်သည် ခါလဒဲလူတို့ဘက်သို့ ကူးသွားပါသည်တကားဟုဆိုလျက်၊ ပရောဖက်ယေရမိကို ဖမ်းဆီးလေ၏။ 14ယေရမိကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကိုယူ၍ မင်းများထံသို့ ပို့ဆောင်လေ၏။ 15မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့် သတည်း။
16ယေရမိသည် အိမ်အောက်မြေတွင်း၊ လှောင်အိမ်ထဲသို့ရောက်၍၊ နေ့ရက်များစွာနေရသောနောက်၊ 17ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိကိုနုတ်ပြီးမှ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရှိသလောဟု နန်းတော်၌ တိတ်ဆိတ်စွာမေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။ 18တစ်ဖန် ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှားသလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည်သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။ 19ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကိုမတိုက်မလာရဟု ဟောပြောသော သင်တို့၏ပရောဖက်တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။ 20သို့ဖြစ်၍၊ အကျွန်ုပ်သခင် အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှာ၊ စာရေးတော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကိုလျှောက်ဆို၏။ 21ထိုအခါ ဇေဒကိမင်းကြီး အမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ထားကြ၏။ မြို့တွင် မုန့်မကုန်မီတိုင်အောင်၊ မုန့်သည်တန်းမှ မုန့်တစ်လုံးကို နေ့တိုင်းအစဉ် ပေးရ၏။ ထိုသို့ ယေရမိသည် ထောင်ဝင်းထဲမှာနေလေ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 37: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.