ယေရမိ 38
38
ရေမရှိသည့်ရေတွင်းထဲသို့
1-3ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာနေသောသူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် သေလိမ့်မည်။ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသော သူသည်အသက်ချမ်းသာ၍၊ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရလိမ့်မည် ဟူ၍လည်းကောင်း၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေလက်သို့ ဆက်ဆက်အပ်၍၊ သူသည် သိမ်းယူလိမ့်မည် ဟူ၍လည်းကောင်း၊ ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သောစကားများကို မဿန်သား ရှေဖတိ၊ ပါရှုရသား ဂေဒလိ၊ ရှေလမိသား ယေဟုကလ၊ မာလခိသား ပါရှုရတို့သည်ကြားသောအခါ၊ 4ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ 5ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။ 6ထိုအခါ ယေရမိကိုယူ၍၊ ထောင်ဝင်းထဲမှာရှိသော သားတော်မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချကြ၏။ ထိုမြေတွင်း၌ ရေမရှိ၊ ရွှံ့သာရှိ၍၊ ယေရမိသည် ရွှံ့၌ကျွံလျက်နေ၏။
7ထိုသို့ ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊ 8ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့သွားပြီးလျှင်၊ 9အကျွန်ုပ်သခင် အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ ချထားကြပါပြီ။ မြို့၌ မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ ငတ်မွတ်၍သေပါလိမ့်မည်ဟု လျှောက်သော်၊ 10ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမီ ဤအရပ်မှ လူသုံးဆယ်ကိုခေါ်သွား၍၊ မြေတွင်းထဲက နုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။ 11ဧဗဒမေလက်သည်လည်း လူတို့ကိုခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကိုယူပြီးမှ၊ ယေရမိရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။ 12ထိုအခါကုရှအမျိုးသား ဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့် သင်၏လက်ကတီးကြား၌ ကြိုးကိုခုခံပါလော့ဟု ဆိုသည်အတိုင်း ယေရမိပြုလေ၏။ 13ထိုသို့ယေရမိကို မြေတွင်းထဲက ကြိုးနှင့်ဆွဲတင်ကြ၏။ ထိုနောက် ယေရမိသည်ထောင်ဝင်းထဲမှာ နေလေ၏။
ယေရမိထံဇေဒကိအကြံတောင်းခြင်း
14တစ်ဖန် ဇေဒကိမင်းကြီးသည်လူကိုစေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကိုခေါ်ပြီးလျှင်၊ သင်၌ တစ်စုံတစ်ခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟု ဆိုသော်၊ 15ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကိုမသတ်ဘဲ အမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူမည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။ 16ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သောသတ္တဝါဖြစ်စေခြင်းငှာ ဖန်ဆင်းသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။ 17ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။ 18သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့် မလွတ်ရဟု ဇေဒကိကိုလျှောက်ဆို၏။ 19ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်းကိုခံရမည် စိုးရိမ်သည်ဟုဆိုလျှင်၊ 20ယေရမိက၊ ကိုယ်တော်ကို မအပ်ရ။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။ 21သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသောအရာဟူမူကား၊ 22နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏ အဆွေခင်ပွန်းတို့သည် သွေးဆောင်၍နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။ 23ထိုသို့ကိုယ်တော်၏မယားနှင့် သားသမီးရှိသမျှတို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန်ရှင်ဘုရင်လက်သို့ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက်၏။ 24ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှမကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။ 25ငါသည် သင်နှင့် စကားပြောကြောင်းကို မှူးမတ်တို့သည်ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့ လျှောက်သည်ကိုလည်းကောင်း၊ ရှင်ဘုရင်သည် သင့်အား အဘယ်သို့မိန့်တော်မူသည်ကိုလည်းကောင်း၊ ငါတို့အား ကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင်၊ 26သင်ကလည်း၊ ငါ့ကိုသေစေခြင်းငှာ၊ ယောနသန်အိမ်သို့ ပြန်စေတော်မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အားပြန်ပြောလော့ဟု၊ ယေရမိအား မိန့်တော်မူ၏။ 27ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲနေကြ၏။ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။ 28ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင်အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရုရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။#ယေဇ၊ ၃၃:၂၁။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 38: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.