ယောရှု 14
14
ခါနာန်ပြည်ကိုခွဲဝေခြင်း
1ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။ 2ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးကိုးမျိုးနှင့် တစ်ဝက်တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။#တော၊ ၂၆:၅၂-၅၆၊ ၃၄:၁၃။ 3မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။#တော၊ ၃၂:၃၃၊ ၃၄:၁၄-၁၅၊ တရား၊ ၃:၁၂-၁၇။ 4ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုး နှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတစ်ပါး အခြားသောမြေကို မပေး။ 5မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ မြေကိုဝေဖန်ကြ၏။
ဟေဗြုန်မြို့ကိုကာလက်အမွေခံခြင်း
6ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။#တော၊ ၁၄:၃၀။ 7ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။#တော၊ ၁၃:၁-၃၀။ 8အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။ 9ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။#တော၊ ၁၄:၂၄။ 10ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ 11သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။ 12သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။ 13ထိုအခါ ယောရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သားကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။ 14သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန်ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ်သတည်း။ 15ဟေဗြုန်မြို့သည် အထက်က ကိရယသာဘအမည်ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင်လူကြီးဖြစ်၏။ ထိုအခါ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောရှု 14: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.