ရှင်မဿဲ 16
16
နိမိတ်လက္ခဏာတောင်းဆိုခြင်း
(မာ၊ ၈:၁၁-၁၃။ လု၊ ၁၂:၅၄-၅၆။)
1ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။-#မ၊ ၁၂:၃၈။ လု၊ ၁၁:၁၆။ 2ကိုယ်တော်ကလည်း၊ သင်တို့သည် ညဉ့်ဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခု မိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။ 3နံနက်ယံ၌ကား၊ ယခု မိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်း ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။- 4ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှ ထွက်၍ ကြွတော်မူ၏။#မ၊ ၁၂:၃၉။ လု၊ ၁၁:၂၉။
ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေး
(မာ၊ ၈:၁၄-၂၁။)
5တပည့်တော်တို့သည် ကမ်းတစ်ဖက်သို့ သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ၏။- 6ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။-#လု၊ ၁၂:၁။ 7တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 8ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသောသူတို့၊ သင်တို့၌မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။- 9မုန့်ငါးလုံးကို လူငါးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်း ကောက်သိမ်းသည်ကိုလည်းကောင်း၊ မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်းကောက်သိမ်းသည်ကို လည်းကောင်း၊-#မ၊ ၁၄:၁၇-၂၁။ 10သင်တို့သည် နှလုံးမသွင်း မအောက်မေ့ဘဲ နေကြသေးသလော။-#မ၊ ၁၅:၃၄-၃၈။ 11ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။- 12ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
ပေတရုဝန်ခံချက်
(မာ၊ ၈:၂၇-၃၀။ လု၊ ၉:၁၈-၂၁။)
13ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- 14လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-#မ၊ ၁၄:၁-၂။ မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။ 15သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- 16ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။-#ယော၊ ၆:၆၈-၆၉။ 17ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- 18ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။- 19ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊-#မ၊ ၁၈:၁၈။ ယော၊ ၂၀:၂၃။ 20ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
အသေခံရမည့်အကြောင်း
(မာ၊ ၈:၃၁-၉:၁။ လု၊ ၉:၂၂-၂၇။)
21ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။- 22ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊- 23ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်း ဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူ၏။
24ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-#မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။ 25အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။-#မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။ 26လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- 27လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။-#မ၊ ၂၅:၃၁။ ဆာ၊ ၆၂:၁၂။ ရော၊ ၂:၆။ 28ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲ 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.