ရှင်မဿဲ 2
2
မာဂုပညာရှိများ
1ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။- 2ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- 3ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊- 4ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။- 5ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသောအချက် ဟူမူကား၊- 6အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။-#မိ၊ ၅:၂။
7ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- 8သင်တို့သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။- 9ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသော ကြယ်သည် သူတို့ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ ရောက်၍ တည်လျက်နေ၏။- 10ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊- 11အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- 12နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။-
အဲဂုတ္တုပြည်သို့ရှောင်တိမ်းခြင်း
13ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တစ်ဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။- 14ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညအချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊- 15ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။-#ဟော၊ ၁၁:၁။
သူငယ်ယောက်ျားများကိုသတ်ခြင်း
16ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကို ထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။- 17ပရောဖက်ယေရမိ ဟောဖူးသည်ကား၊- 18ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။-#ယေ၊ ၃၁:၁၅။
အဲဂုတ္တုပြည်မှပြန်လာခြင်း
19ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊- 20သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှာ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။- 21ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော်၊- 22ဟေရုဒ်မင်းကြီး၏အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊- 23ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။-#မာ၊ ၁:၂၄။ လု၊ ၂:၃၉။ ယော၊ ၁:၄၅။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲ 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.