ရှင်မာကု 7
7
ရှေးလူဟောင်းတို့၏နည်းဥပဒေသ
(မ၊ ၁၅:၁-၉)
1ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊- 2တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစားသည်ကိုမြင်လျှင် အပြစ်တင်ကြ၏။- 3အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- 4ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲ စားလေ့မရှိ။ ထိုမှတစ်ပါး၊ ခွက်၊ ဖလား၊ ကြေးဝါပန်းကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။- 5ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊- 6ဟေရှာယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။-#ဟေရှာ၊ ၂၉:၁၃။ 7လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။- 8အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြား အကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။- 9သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသောအခွင့် ရှိစေခြင်းငှာ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။- 10မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။-#ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ ဝတ်၊ ၂၀:၉။ တရား၊ ၅:၁၆။ 11သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟု ဆို၏။- 12ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊- 13မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
လူကိုညစ်ညူးစေသောအရာ
(မ၊ ၁၅:၁၀-၂၀)
14ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့။- 15လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကို ညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- 16ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။- 17လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- 18ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။- 19ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။- 20လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- 21လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊- 22သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊- 23ဤဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
ရှုရိဖိနိတ်ပြည်သူ၏ယုံကြည်ခြင်း
(မ၊ ၁၅:၂၁-၂၈)
24ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ဝင်၍ အဘယ်သူမျှ မသိစေခြင်းငှာ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍ နေတော်မမူနိုင်။- 25အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သတင်းတော်ကို ကြားသဖြင့်၊ လာ၍ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- 26မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။- 27ယေရှုကလည်း၊ ရှေ့ဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု မိန့်တော်မူ၏။- 28မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊- 29ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။- 30ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။
နားပင်း၍စကားအသောသူကိုကုသခြင်း
31တစ်ဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။- 32ထိုအခါ နားပင်း၍ စကားအသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။- 33ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။- 34ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညည်းတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလိုသတည်း။- 35ထိုခဏချင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။- 36ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှာ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်း ကြားပြောကြ၏။- 37အတိုင်းထက်အလွန် မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မာကု 7: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.