နေဟမိ 8
8
ပညတ္တိကျမ်းဖတ်ပြခြင်း
1သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာဧဇရကို တောင်းသည်အတိုင်း၊ 2နားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလပထမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ်ဧဇရသည် ဆောင်ခဲ့၍၊ 3နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။ 4သူတို့လုပ်ကြသော တရားဟောရာ သစ်သားပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ယာဘက်၌လည်းကောင်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌လည်းကောင်း ရပ်နေကြ၏။ 5ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကိုဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။ 6ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။ 7ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။ 8ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှာ ပြုကြ၏။
9လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ 10သွားကြလော့၊ မြိန်စွာသောအစာကို စားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။ 11ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။ 12လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။
သစ်ခက်တဲနေပွဲတော်
13ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုး သူကြီးများတို့နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိကျမ်းစကားကို နားလည်အံ့သောငှာ၊ ကျမ်းတတ်ဆရာဧဇရထံ၌ စည်းဝေးကြ၏။ 14သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။ 15ထိုစကားကိုကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကို လုပ်ခြင်းငှာ တောင်သို့သွားကြ။ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက် အစရှိသော ထူထပ်သော အခက်အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။#ဝတ်၊ ၂၃:၃၃-၃၆၊ ၃၉-၄၃။ တရား၊ ၁၆:၁၃-၁၅။ 16လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာလည်းကောင်း၊ မိမိဝင်းထဲ၊ ဗိမာန်တော် တံတိုင်းထဲမှာလည်းကောင်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါးလမ်းမှာလည်းကောင်း သစ်ခက်တဲများကို လုပ်ကြ၏။ 17ထိုသို့ သိမ်းသွားခြင်းကို ခံရရာထဲက ထွက်လာသော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကိုလုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသရေလအမျိုးသားတို့သည် တစ်ခါမျှ ထိုသို့မပြုကြ။ အလွန်ဝမ်းမြောက်လျက် နေကြ၏။ 18ပထမနေ့မှစ၍ နောက်ဆုံးသောနေ့တိုင်အောင်၊ နေ့ရက်အစဉ်အတိုင်း ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဖတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံးခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခံကြ၏။
လက်ရှိရွေးချယ်ထားမှု
နေဟမိ 8: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.