တောလည်ရာ 12
12
မိရိအံကိုဒဏ်ခတ်ခြင်း
1မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဖက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊ 2အကယ်၍ထာဝရဘုရားသည်၊ မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။ 3မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။ 4ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ချင်းမိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။ 5ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။ 6ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။ 7အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။#ဟေဗြဲ၊ ၃:၂။ 8သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊ 9အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊ 10မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊ 11အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကိုပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။ 12ဖွားစကပင် ကိုယ်အသားတစ်ဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်းပန်လျှင်၊ 13မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကိုပျောက်စေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။ 14ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံတွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည်မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့တစ်ဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊#တော၊ ၅:၂-၃။ 15မိရိအံကိုနှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံအနာမပျောက်မီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲနေကြ၏။ 16ထိုနောက် ဟာဇရုတ်အရပ်မှပြောင်း၍ ပါရန်တော၌တဲဆောက်ကြ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာ 12: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.