သုတ္တံ 25
25
ရှောလမုန်မင်း၏စကားပုံများ
1ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ 2အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့် သင့်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။ 3မိုးကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။ 4ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်းထိမ်သမားနှင့် တော်သင့်သောဖလားကို ရလိမ့်မည်။ 5မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည်လိမ့်မည်။ 6ရှင်ဘုရင်ထံတော်၌ ကိုယ်ကို မချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။#လု၊ ၁၄း၈-၁၀။ 7အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ့်ချခြင်းကိုခံရသည်ထက်၊ ဤအရပ်သို့တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။ 8အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ 9သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။ 10သို့မဟုတ်၊ သူသည် သင့်ကိုအရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။ 11လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။ 12နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သောသူသည် ရွှေနားတောင်းကဲ့သို့လည်းကောင်း၊ ရွှေစင်တန်ဆာကဲ့သို့လည်းကောင်းဖြစ်၏။ 13စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့၊ သစ္စာစောင့်သောတမန်သည် စေလွှတ်သောသူ၌ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။ 14ပေးမည်ဟု ဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ဖြစ်၏။ 15ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
16ပျားရည်ကို တွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။ 17သင်၏ အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။ 18အိမ်နီးချင်းတစ်ဖက်၌ မမှန်သောသက်သေကို ခံသောသူသည် တုတ်၊ ဓား၊ သံချွန်နှင့်တူ၏။ 19အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။ 20စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူသည် ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့် တူ၏။ 21သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။#ရော၊ ၁၂:၂၀။ 22ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။ 23မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။ 24ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။ 25ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။ 26ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်းရေတွင်းနှင့် တူ၏။ 27ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကိုရှာလျှင် ဂုဏ်အသရေမရှိ။ 28ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံ 25: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.