ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။ သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။ ခပ်သိမ်းသော စည်းစိမ်ဥစ္စာကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။ ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူးပြုတော်မူပါ။ တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက်ရှိပါ၏။ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။ မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။ အကျွန်ုပ်၏အသက်သည် မြေမှုန့်၌ မှီဝဲလျက်ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဖော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။ မုသားလမ်းကို အကျွန်ုပ်ရှောင်ပါမည်အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော်မူပါ။ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။ သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။ အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။ အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ အကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။ ပေးတော်မူသောဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
ဆာလံ 119 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:1-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို